ကြာသပတေးနေ့ ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အီတလီအသင်းကို စလိုဗက်ကီးယားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားတဲ့အတွက် အီတလီအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။
စလိုဗက်ကီးယား အသင်းကတော့ တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးနဲ့ ၄ မှတ် ရရှိပြီး အုပ်စု F မှာ ဒုတိယနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်သွားပြီ ဖြစ်ပါတယ်။ စလိုဗက်ကီးယားဟာ နယ်သာလန်အသင်းနဲ့ တနင်္လာနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။
ပါရာဂွေးက နယူးဇီလန်နဲ့ ဂိုးမရှိ သရေကျသွားတဲ့အတွက် ၅ မှတ်နဲ့ အုပ်စု F မှာ ပထမနေရာကို ရပြီး ရှုံးထွက်ပွဲစဉ်ကို တက်သွားပြီ ဖြစ်ပါတယ်။
ပြင်သစ်ကလည်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်တဲ့အတွက် အရင် ကမ္ဘာ့ဖလားပွဲ ချန်ပီယံ ၂ သင်း ထွက်သွားရတာဟာ ပထမဆုံး ဖြစ်ပါတယ်။
နယ်သာလန်အသင်းဟာ မနေ့ကပွဲမှာ ကင်မရွန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာမို့ ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စု E မှာ ပထမ ရပါတယ်။
ဂျပန်နိုင်ငံက ဒိန်းမတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာမို့ အုပ်စု E မှာ ဒုတိယရပြီး ရှုံးထွက်ပွဲစဉ်ကို တက်သွားပြီ ဖြစ်ပါတယ်။ ဒိန်းမတ်အသင်းကတော့ ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။ ဂျပန်ဟာ ပါရာဂွေးနဲ့ အင်္ဂါနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။
အမေရိကန်အသင်း ရှုံးထွက်ပွဲစဉ်ကို တက်သွားတဲ့အတွက် အမေရိကန် သမ္မတ အိုဘားမားက ဘောလုံးအသင်းကို ဝမ်းသာ ချီးမွမ်းစကား ပြောကြားလိုက်ပါတယ်။ စနေနေ့မှာ အမေရိကန်ဟာ ဂါနာအသင်းနဲ့ ကစားရမှာဖြစ်ပြီး အမေရိကန်နိုင်ဖို့ သမ္မတက မျှော်လင့်နေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်က တွစ်တာအင်တာနက် စာမျက်နှာမှာ ပြောထားပါတယ်။