သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားဖွင့်ပွဲ ကမ္ဘာကျော်အနုပညာရှင်တွေ ဖျော်ဖြေမည်


အာဖရိကတိုက်မှာ ပထမဆုံး ပြုလုပ်တဲ့ ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေ စတင်ဖို့ တရက်အလို ဒီနေ့မှာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က Soccer City ဘောလုံးကွင်းကြီးမှာ ကမ္ဘာကျော် အဆိုတော်တွေ သီဆိုကြမယ့် စင်တင် ဖျော်ဖြေပွဲကြီးကို ဒေသစံတော်ချိန် ည ၈ နာရီမှာ စတင်ဖို့ ရှိနေပါတယ်။

Black Eyed Peas, Alicia Keys, John Legend စတဲ့ နာမည်ကြီး အဆိုတော်တွေ အပြင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေ သီဆိုခဲ့ကြတဲ့ တောင်အာဖရိကက အနုပညာရှင်တွေလည်း ဒီပွဲမှာ ဖျော်ဖြေ သီဆိုကြမှာ ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပွဲ သီချင်းဖြစ်တဲ့ This time for Africa ဆိုတဲ့ သီချင်းကိုလည်း အဆိုတော် Shakira က တောင်အာဖရိကနိုင်ငံက Freshly Ground တီးဝိုင်းနဲ့အတူ သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီပွဲကြီးကို ကမ္ဘာ့နိုင်ငံ တော်တော်များများကိုလည်း ရုပ်မြင်သံကြားပေါ်က တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲကျရင် ဘောလုံး အကျော်အမော်တွေက အဆိုတော်တွေကို သီချင်းဆိုဖို့ စင်ပေါ်ဖိတ်ခေါ် မိတ်ဆက်ပေးမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ ကမ္ဘာ့ဖလား ရဖို့အတွက် နိုင်ငံကိုယ်စားပြု အသင်းတွေ အကြိတ်အနယ် စတင်ကန်ကြတော့မှာ ဖြစ်ပါတယ်။

မနက်ဖြန်ကန်ကြမယ့် ပွဲစဉ်တွေကတော့ တောင်အာဖရိကနဲ့ မက္ကဆီကို အသင်းတွေဖြစ်ပြီး အဲဒီအသင်း ၂ သင်းဟာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က Soccer City ဘောလုံးကွင်းကြီးမှာ ကန်မှာဖြစ်ပါတယ်။

တခါ ဥရုဂွေးနဲ့ ပြင်သစ်အသင်းတွေကတော့ ကိပ်ပ်တောင်းမြို့က ဘောလုံးကွင်းကြီးမှာ ကန်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG