သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံစပိန် - ချီလီကိုရှုံးလို့ ပွဲကထွက်ရ


ဗုဒ္ဓဟူးနေ့က ၇ ရက်မြောက်ကစားတဲ့ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွေမှာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်း အုပ်စုအဆင့်မှာတင် ရှုံးလို့ ထွက်သွားရပါပြီ။ အုပ်စု B က စပိန်အသင်း ထွက်သွားရပေမဲ့ နယ်သာလန်နဲ့ ချီလီအသင်းတွေကတော့ ဒုတိယအဆင့်ကို တက်သွားကြပါပြီ။

စပိန်နဲ့ ချီလီ ကန်ကြတဲ့ပွဲမှာ စပိန်က ၂ ဂိုး ဂိုးမရှိနဲ့ ချီလီကို ရှုံးပါတယ်။ အရင်ပွဲတုန်းကလည်း စပိန်က နယ်သာလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတဲ့အတွက် ၂ ပွဲ ရှုံးပြီး ထွက်သွားရတာပါ။ စပိန်အသင်း ကြိုးစားကစားပေမဲ့ ချီလီနောက်တန်းက အခိုင်အမာ ကာကွယ်ထားနိုင်တဲ့အတွက် စပိန်အသင်း တဂိုးမှဝင်အောင် မသွင်းနိုင်ခဲ့ပါဘူး။

အုပ်စု B ကထွက်သွားရတဲ့ နောက်တသင်းကတော့ သြစတြေးလျအသင်းပါ။ သြစတြေးလျ အသင်းဟာဆိုရင်လည်း ဗုဒ္ဓဟူးနေ့က နယ်သာလန်နဲ့ ကစားတာမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးပါတယ်။ ချီလီနဲ့ ပွဲတုန်းကလည်း သြစတြေးလျက ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာကြောင့် အုပ်စုအဆင့်မှာတင် ပြုတ်သွားခဲ့ပါတယ်။

မကြာခင်ကပဲ အုပ်စု A က ကင်မရွန်းအသင်းနဲ့ ခရိုအေးရှားအသင်းတို့ ကန်ပြီးသွားပါတယ်။ ဒီပွဲမှာတော့ ခရိုအေးရှားအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ ကင်မရွန်းအသင်း ကစားသမား တယောက်က ခရိုအေးရှား ကစားသမားတယောက်ရဲ့ ကျောကို တံတောင်နဲ့ သွားထိုးခဲ့တဲ့အတွက် အနီကဒ်ပြ အထုတ်ခံခဲ့ရပါတယ်။

မနက်ဖြန် ကြာသပတေးနေ့ကျရင်တော့ အုပ်စု C က ကိုလံဘီယာနဲ့ အိုင်ဗရီကို့စ်, ဂျပန်နဲ့ ဂရိ၊ တခါ အုပ်စု D က ဥရုဂွေးနဲ့ အင်္ဂလန်အသင်းတို့ ကန်ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG