သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားသမိုင်း Greece ပထမဆုံးအကြိမ် ဒုတိယအဆင့်တက်


ဘရာဇီးနိုင်ငံမှာ ကစားနေတဲ့ ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲတွေမှာ အင်္ဂါနေ့က အုပ်စု C နဲ့ D နောက်ဆုံးပွဲစဉ်တွေ ကန်ခဲ့ပါတယ်။ အီတလီနဲ့ ဥရုဂွေးပွဲမှာ ဥရုဂွေးအသင်းက အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်သွားတဲ့အတွက် ရှုံးထွက်အဆင့်ကို တက်သွားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးတဲ့ အီတလီကတော့ အုပ်စုအဆင့်မှာတင် ထွက်သွားရပြီ။

ဥရုဂွေးအသင်းက Diego Godin က ၈၁ မိနစ်ကျမှ သွင်းခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ Luis Suarez က အီတလီအသင်းက Giorgio Chiellini ရဲ့ ပုခုံးကို ကိုက်လိုက်တဲ့ပုံမျိုး တွေ့ခဲ့ရပါတယ်။ Chiellini ကလည်း သူ့ပုခုံးကိုပြပြီး ဒိုင်ကို တိုင်ခဲ့ပေမဲ့ ဒိုင်က ဖြစ်တဲ့အချိန်မှာ မမြင်ခဲ့တဲ့အတွက် အရေးမယူခဲ့ပါဘူး။

တကယ်သာ Luis Suarez က ကိုက်ခဲ့တယ်ဆိုရင်တော့ ဒါဟာ ၃ ကြိမ်မြောက်ကိုက်မှုဖြစ်ပြီး FIFA အုပ်ချုပ်ရေးအဖွဲ့က အရေးယူမယ်ဆိုရင် ပွဲပေါင်း ၂၄ ပွဲ ဒါမှမဟုတ် ၂ နှစ် ဘောလုံးကန်ခွင့် တားမြစ်ခံရမှာ ဖြစ်ပါတယ်။ အီတလီအသင်း ထွက်သွားရတဲ့အတွက် အီတလီအသင်းနည်းပြ Cesare Prandelli နဲ့ အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Giancarlo Abete တို့ကတော့ ရာထူးတာဝန်တွေကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ကြပါတယ်။

နောက် အုပ်စု D ထဲက အင်္ဂလန်နဲ့ Costa Rica တို့ပွဲမှာတော့ ဂိုးမရှိသရေကျပြီး Costa Rica က အုပ်စု D ရဲ့ အုပ်စုဗိုလ်အနေနဲ့ ရှုံးထွက်အဆင့် တက်သွားပါတယ်။ တခါ အုပ်စု C က ကိုလံဘီယာနဲ့ ဂျပန်ပွဲမှာ ကိုလံဘီယာက ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။ Greece နဲ့ Ivory Coast ပွဲမှာတော့ Greece က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။

ဒါကြောင့် အုပ်စု C မှာ ကိုလံဘီယာက အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်သွားသလို Greece ကလည်း ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ် တက်သွားပါတယ်။
XS
SM
MD
LG