သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား နိုင်ဂျီးရီးယား နဲ့ အာဂျင်တီးနား ဒုတိယအဆင့်တက်


ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေရဲ့ ဗုဒ္ဓဟူးနေ့က ကစားသွားကြတဲ့ ပထမပွဲစဉ်တွေမှာ အာဂျင်တီးနားက နိုင်ဂျီးရီးယားအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားတဲ့အတွက် အုပ်စု F မှာ ဗိုလ်စွဲပြီး ရှုံးထွက်ပွဲစဉ်တွေကို တက်သွားပြီ ဖြစ်ပါတယ်။

အုပ်စု F ရဲ့ တခြား ပွဲစဉ်ဖြစ်တဲ့ အီရန်နဲ့ Bosnia and Herzegovina ပွဲစဉ်မှာတော့ ဘောစနီးယားက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နိုင်ဂျီးရီးယားအသင်းက အာဂျင်တီးနားအသင်းကို ရှုံးသွားပေမဲ့လည်း အုပ်စု F မှာ ၄ မှတ်ရထားတဲ့အတွက် ရှုံးထွက်ပွဲစဉ်တွေကို အုပ်စု ဒုတိယအဆင့်နဲ့ တက်သွားတာ ဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားပွဲစဉ်မှာ အသင်းကပ္ပတိန် Lionel Messi က အာဂျင်တီးနားအတွက် ၂ ဂိုး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ဂိုးသွင်းတိုင်း နိုင်ဂျီးရီးယားအသင်းက အလုံးတိုင်းကို ခြေပဂိုး သွင်းနိုင်ခဲ့တဲ့အတွက် ၂ ဂိုးစီ သရေဖြစ်နေရာက Marcos Rojo က ဒူးနဲ့တိုက်ပြီး အာဂျင်တီးနားအတွက် အနိုင်ဂိုးကို သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားသွားတဲ့ ဒုတိယပွဲစဉ်တွေဖြစ်တဲ့ အုပ်စု E က ပွဲစဉ်တွေမှာတော့ ပြင်သစ်နဲ့ အီကွေဒါအသင်းတို့ ဂိုးမရှိ သရေကျသွားပြီး Switzerland က Honduras အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ပြင်သစ်က ၇ မှတ်နဲ့ အုပ်စုပထမ၊ ဆွစ်ဇာလန်က ၆ မှတ်နဲ့ အုပ်စု ဒုတိယနဲ့ ရှုံးထွက် ပွဲစဉ်တွေကို တက်သွားကြပြီ ဖြစ်ပါတယ်။ ဒုတိယပိုင်း စခါစကတည်းက Honduras အသင်းက ၁၀ ယောက်နဲ့ ကစားခဲ့ပေမဲ့ ပြင်သစ်အသင်းက ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဒီအတောအတွင်း - အင်္ဂါနေ့ကစားသွားတဲ့ အီတလီနဲ့ ဥရုဂွေးပွဲစဉ်မှာ ဥရုဂွေးတိုက်စစ်မှူး Luis Suarez က အီတလီကစားသမားကို သွားနဲ့ကိုက်လိုက်တဲ့ ကိစ္စအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သူ့အပေါ် အရေးယူဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Suarez ရော ၊ ဥရုဂွေးအသင်းအနေနဲ့ရော သူတို့ဖက်က တင်သွင်းလိုတဲ့ သက်သေ အထောက်အထားတွေ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ တင်သွင်းဖို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။ Suarez အနေနဲ့ အများဆုံး ဘောလုံးကစားခွင့် ၂ နှစ် အပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG