သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ်နဲ့ ဂျာမနီ အကြိုဗိုလ်လုပွဲ


ဘရာဇီးလ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ ပထမပွဲကို ဒီကနေ့မှာ ဘရာဇီးလ်နဲ့ ဂျာမနီ တို့ Belo Horizonte မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အိမ်ကွင်း အားသာချက် ရှိပေမဲ့လည်း အသင်းခေါင်းဆောင် Thiago Silva နဲ့ နာမည်ကြီး ရှေ့တန်းလူ Neymar တို့ မပါနိုင်တဲ့အတွက် လေ့လာသူ တော်တော်များများက ဂျာမနီ အသာစီးရနိုင်တယ်လို့ ထင်မြင်ကြပါတယ်။

Silva က အဝါကဒ် ၂ ကဒ်ရလို့ ၁ ပွဲ နားရပြီး Neymar ကတော့ ကျောရိုးအက်ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်မှာ မဟုတ်ပါဘူး။ Silva ကို ပေးကစားဖို့ ဘရာဇီးလ်က တောင်းဆိုတာကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပယ်ချလိုက်ပါတယ်။ နောက်ပြီး Neymar ကို ဒူးနဲ့တိုက်ခဲ့တဲ့ ကိုလံဘီယာ နောက်တန်းလူ Juan Camilo Zuniga ကိုလည်း အပြစ်ပေး အရေးယူမှုတွေ မလုပ်ခဲ့ပါဘူး။

FIFA က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒီအဖြစ်အပျက်ဟာ ဘောလုံးကန်တဲ့အချိန်မှာ တာဝန်ရှိသူတွေက မြင်တွေ့ပြီး ဖြစ်တာကြောင့် Zuniga ကို အပြစ်ပေးလို့ မရပါဘူးလို့ ပြောသွားပါတယ်။ ဒီကိစ္စအတွက် Zuniga ဟာ အဝါကဒ်တောင် မရခဲ့ပါဘူး။

ဂျာမနီနည်းပြ Joachim Loew က Neymar နဲ့ Silva တို့ မကစားနိုင်တဲ့အတွက် သူစိတ်မကောင်းကြောင်း၊ သူတို့ မကစားနိုင်တဲ့အတွက် ဘရာဇီးလ် အသင်းအနေနဲ့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြီးတော့ လူတွေက ကမ္ဘာ့ဖလားပွဲမှာ အကောင်းဆုံး ကစားသမားတွေကို ကြည့်ချင်ပါတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အခုလို ဘောလုံးပွဲတွေအတွက် ဘရာဇီးလ်မှာ ကမ္ဘာ့ဖလား လက်မှတ်တွေကို မှောင်ခိုရောင်းဝယ်မှုနဲ့ ဧည့်ခံကြိုဆိုရေး ကုမ္ပဏီတခုက ထိပ်တန်းအရာရှိ တယောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

XS
SM
MD
LG