သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ စတင်


အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ တက်ရောက်နေသည့် အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို(ဝဲ) နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း။ ဇွန် ၁၂၊ ၂၀၁၁။
အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ တက်ရောက်နေသည့် အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို(ဝဲ) နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း။ ဇွန် ၁၂၊ ၂၀၁၁။

အရင်းအမြစ်တွေ အမြောက်အမြား ရှိနေတဲ့ အာရှနိုင်ငံတွေ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကို ခံနိုင်ရည် ရှိဖို့အတွက် အားလုံးတူညီတဲ့ သဘောထားရှိဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က ပြောကြားလိုက်ပါတယ်။ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တနင်္ဂနွေနေ့က စတင်စဉ်မှာ သမ္မတ ယူဒိုယိုနိုက အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) ကလည်း အာဆီယံနိုင်ငံတွေ အတွက် စီးပွားရေးအရ အရေးပါတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့နဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားချင်တယ်လို့ ပြောကြားခဲ့တဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ အကြောင်းကို မမိုးဖြူက တင်ပြပေးထားပါတယ်။

အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးအဖွဲ့ရဲ့ အကြိမ် ၂၀ မြောက် နှီးနှောဖလှယ်ပွဲ World Economic Forum ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ (Jakarta) မှာ ဇွန်လ ၁၂ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဒီနှစ်ပတ်လည် အစည်းအဝေးကို နိုင်ငံပေါင်း ၄၀ က ပညာရေးအဖွဲ့တွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ အစိုးရခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ၆၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

မကြာသေးခင်က ဂျပန်၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက အာရှရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲ ဆိုတာနဲ့ အဲဒီထဲ အဓိကကျတဲ့ ပြောင်းလဲမှုတွေက အာရှရဲ့ အရေးပါတဲ့ သဘာ၀ ပတ်ဝန်းကျင်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေကို ဘယ်လို ပုံဖော်လာနိုင်သလဲဆိုတဲ့ အချက်တွေကို ၂ ရက်ကြာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ စဉ်းစား အဖြေရှာကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ မဟာဗျူဟာရေးဆိုင်ရာနဲ့ စီးပွားရေး အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အာရှနိုင်ငံတွေကြား နားလည် သဘောတူညီမှုတွေ တည်ဆောက်ဖို့ လိုမယ်လို့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုက အခုလို ပြောဆိုပါတယ်။

“နိုင်ငံတကာရဲ့ အခြေအနေနဲ့ လုပ်နည်းကိုင်နည်းတွေကို ပုံဖော် ပြောင်းလဲဖို့ လိုအပ်တဲ့ သယံဇာတ၊ လူသားစွမ်းရည်၊ အခွင့်အလမ်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အာရှဒေသရဲ့ တိုင်းပြည်တွေမှာ အပြည့်အ၀ ရှိနေပါတယ်။ ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာမှာ စိတ်ကူးစိတ်သန်းနဲ့ အကြံဉာဏ်ကောင်းတွေ မရှိတာ မဟုတ်ပါဘူး။ အမှန်က အကြံဉာဏ်ကောင်းတွေက အများကြီးတောင် ရှိနေတာပါ။ ဒါပေမဲ့ ကျနော်တို့မှာ မရှိတာက အဲဒီ အကြံဉာဏ်ကောင်းတွေကို တညီတညွတ်တည်း သဘောတူညီမှုရအောင် ညှိနှိုင်းနှိုင်ဖို့ပါ။”

အာရှဒေသအနေနဲ့ အစားအစာ၊ ရေနဲ့ စွမ်းအင် မလုံလောက်မှုကနေ တနေ့တခြား ကြီးမားလာမယ့် ဖိအားပေးမှုတွေကို ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ နေထိုင်တဲ့ လူသန်းပေါင်း ၇,၀၀၀ ထဲက ၆၀% က အာရှဒေသမှာ နေထိုင်နေကြတာပါ။ အရင် ရာစုနှစ်တွေတုန်းက ခေါင်းပုံဖြတ်တာတွေ၊ နယ်မြေလုတာတွေ၊ စစ်ပွဲတွေနဲ့ ဒုက္ခမျိုးစုံကို ဖြစ်စေခဲ့တဲ့ သယံဇာတနဲ့ လူ့စွမ်းရည် ရှားပါးတဲ့ ပြဿနာမျိုး ထပ်မဖြစ်ရအောင်၊ ဒေသထဲ စီးပွားရေး တိုးတက်လာတာနဲ့အမျှ အာရှက ကမ္ဘာကြီးရဲ့ လိုအပ်တဲ့ သယံဇာတနဲ့ လူ့စွမ်းရည်တွေကိုကူညီ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ကျနော်တို့ခေတ်မှာ ဒီ လိုအပ်ချက်တွေကြောင့် စစ်မက်ပြဿနာတွေ ဖြစ်ဖို့ မလိုတော့ပါဘူးလို့ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုက တဆက်တည်း ပြောဆိုပါတယ်။

အာရှဒေသအတွက် စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကိုတော့ ဒီ World Economic Forum တည်ထောင်သူ တဦးလည်းဖြစ်၊ ဆွေးနွေးပွဲ သဘာပတိလည်းဖြစ်တဲ့ ကလော့စ် ရွှပ်ဘ် (Klaus Schwab) က ဖွင့်ပွဲအကြို အခမ်းအနားမှာ ဆွေးနွေးခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုနဲ့ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းတို့ကလည်း အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သူတို့ ၂ နိုင်ငံစလုံးက တခါးဖွင့်ထားပါတယ်လို့ ပြောဆိုကြပါတယ်။ အဲဒီ မိတ်ဆွေနိုင်ငံ ၂ နိုင်ငံနဲ့ အာရှဒေသ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း အခုလို မှတ်ချက်ချပါတယ်။

“အမေရိကန် ပြည်ထောင်စုရော တရုတ်နိုင်ငံပါ အာရှဒေသအတွက် အရေးပါတဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်ကြပါတယ်။ အမေရိကန်နဲ့က ဒုတိယကမ္ဘာစစ် ပြီးကတည်းက ဆက်သွယ်ခဲ့ပြီး တရုတ်နိုင်ငံနဲ့လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာ ပိုပြီးတော့ တိုးတက်ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိလာပြီး ဒီ မိတ်ဘက် ၂ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အလုပ်တွေ အများကြီး ရှိနေပါတယ်။”

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံထဲက တော်တော်များများကလည်း အမေရိကန်၊ တရုတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုပြီး ခိုင်မာကောင်းမွန်အောင် လုပ်ဆောင်နေကြပါတယ်။ အာရှနိုင်ငံ တော်တော်များများအဖို့ တနေ့တခြား ကြီးထွားလာတဲ့ မဟာအင်အားကြီး နိုင်ငံကို သတိနဲ့ ဆက်ဆံနေရင်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား လိုသလို ညှိနှိုင်းပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရတာ အတော့်ကို နူးညံ့သိမ်မွေ့တဲ့ ပဟေဠိတခုကို အဖြေရှာရတာနဲ့ တူတယ်လို့ ဆိုပါတယ်။

World Economic Forum ကို တက်ရောက်ကြသူတွေထဲမှာ ဗီယက်နမ် ဝန်ကြီးချုပ် ငုယန် တန် ဒန်း (Nguyen Tan Dung)၊ မွန်ဂိုလီးယား ဝန်ကြီးချုပ် ဆက်ခ်ဘာတာ ဘတ်ဘိုးလ်ဒ် (Sukhbaatar Batbold) နဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) တို့လည်း ပါဝင်ပါတယ်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ သစ်တောနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လုံခြုံရေး စတာတွေ ပါဝင်တဲ့ မတူညီတဲ့ ပြဿနာ ခေါင်းစဉ် ၂၅ မျိုးလောက်ကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုက စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ မွန်ဂိုလီးယား ဝန်ကြီးချုပ် ဆက်ခ်ဘာတာ ဘတ်ဘိုးလ်ဒ်တို့ကို သီးခြား ဆွေးနွေးပွဲတွေမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG