ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ဘဏ္ဍာရေး ပြဿနာတွေကြောင့် စီးပွားရေး ကျဆင်းမှုတွေ နောက်တကြိမ် ကြုံရမှာကို စိုးရိမ်ပူပမ်မှုတွေနဲ့အတူ၊ ကမ္ဘာတဝန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဈေးကွက်တွေမှာ ကမောက်ကမ အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက စီးပွားရေး တိုးတက်မှု နှေးကွေးနေတဲ့ အခြေအနေတွေနဲ့ အကြွေးပြဿနာတွေကို အစိုးရတွေရဲ့ ကိုင်တွယ်ပုံတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မချဘဲ ဖြစ်နေကြတာပါ။
စီးပွားရေး ခိုင်မာတဲ့ နိုင်ငံတွေမှာ ကြုံနေရတဲ့ စီးပွားရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း ဗွီအိုအေ သတင်းထောက်တွေ သတင်းပေးပို့ထားတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ မူဝါဒ အမှားအယွင်းတွေကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ နောက်ထပ် အကျပ်အတည်း ကြုံရလုနီးနီး စိုးရိမ်စရာ အခြေအနေကို ရောက်နေပြီလို့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ထင်ရှားတဲ့ မော်ဂန် စတန်လေ (Morgan Stanley) ဘဏ်ကြီးက သတိပေး လိုက်ပါတယ်။ ဘဏ္ဍာရေး ၃ လပတ်ကာလ ၂ ခုဆက်တိုက် စီးပွားရေး တိုးတက်မှု နှေးကွေးတဲ့ အဖြစ်တွေ ကြုံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အဖွဲ့ဝင် (၁၇) နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေအနေနဲ့ နောက်နှစ်ထဲလောက်မှာ စီးပွားရေး အကျပ်အတည်းဆိုက်မယ့် အလားအလာတွေ မြင်နေရတယ်လို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးက ခန့်မှန်းလိုက်တာပါ။
ဥရောပတိုက်က ခေါင်းဆောင်တွေ အနေနဲ့ အဖွဲ့ဝင် တိုင်းပြည်တွေမှာ ရင်ဆိုင်နေရတဲ့ အကြွေး ပြဿနာတွေကို တုန့်ပြန်ဆောင်ရွက်ရာမှာ နှေးကွေးပြီး ထိရောက်မှု မရှိတာ၊ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်လည်း အစိုးရရဲ့ ကြွေးမြီ သုံးစွဲနိုင်တဲ့ ပမာဏကို တိုးမြှင့်ရေး ကိစ္စအတွက် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တာတွေက ရင်းနှီးမြုပ်နှံသူတွေနဲ့ ဝယ်ယူစားသုံးသူတွေအဖို့ ယုံကြည်စိတ်ချမှုတွေကို ပျက်ပြား စေခဲ့တာလို့လည်း ဘဏ္ဍာရေး လုပ်ငန်းက ကျွမ်းကျင်သူတွေ မြင်နေကြတာ ဖြစ်ပါတယ်။
TD Securities ဘဏ္ဍာရေးလုပ်ငန်းက စီးပွားရေးပညာရှင် အဲရစ် ဂရင်း (Eric Green) ကဆိုရင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ မကြုံဘူးလောက်အောင် စိတ်ပျက်စရာ အခြေအနေတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
“မြင်နေရတာကတော့ ယုံကြည်စိတ်ချမှုနဲ့ ပတ်သက်လို့ အမေရိကန်မှာလည်း အကျပ်ရိုက်နေသလို၊ ဥရောပမှာလည်း တွေ့ရမှာပါ။ ယုံကြည်မှုနဲ့ ပတ်သက်လို့ ပြဿနာ ကြုံနေရတာတွေရဲ့ အကျိုးဆက် အဖြစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးနေတာတွေ ပိုပြီးမြန်ဆန် လာနေတာပဲ ဖြစ်ပါတယ်။ စီးပွားရေး အရှိန်အဟုန်တွေ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးရှုံးရတာမျိုး ကျနော်လုပ်သက် အနှစ် ၂၀ အတွင်း တခါမှာ မတွေ့ဖူးပါဘူး။ ဒါက စိုးရိမ်စရာပါ။”
ဥရောပက အကြွေးပြဿနာတွေနဲ့ ပတ်သက်လို့ သြဂုတ်လထဲမှာ ပြင်သစ်သမ္မတ နစ်ကိုလတ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် (Angela Merkel) တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ပိုပြီးညီညွတ်မှု ရှိစေဖို့ တိုက်တွန်းပြောဆို ခဲ့ကြပေမဲ့လည်း၊ ရင်းနှီးမြုပ်နှံသူတွေရဲ့ စိုးရိမ်ပူပမ်မှုတွေကိုတော့ သက်သာအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။
ယူရိုငွေကြေးသုံး နိုင်ငံတွေထဲမှာ စီးပွားရေး အင်အားအကောင်းဆုံး ဂျာမဏီနိုင်ငံဟာ ဆိုရင်လည်း ဒုတိယဘဏ္ဍာရေး ၃ လပတ် ကာလမှာ ဖွံ့ဖြိုးမှု ပမာဏဟာ ဝ.၀၁% သာ ရှိခဲ့တာကြောင့် အခြေအနေတွေ ပိုပြီး ဆိုးစေခဲ့တယ်လို့လည်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Sica Wealth စီမံခန့်ခွဲမှု ကုမ္ပဏီက ဂျက်ဖရီ ဆိုက်ကာ (Jeffrey Sica) က ပြောပါတယ်။
“အများက မြင်နေကြတာကတော့ စီးပွားရေး အခိုင်မာဆုံး တိုင်းပြည်တခု အဖြစ်နဲ့ ဂျာမဏီနိုင်ငံမှာ တိုးတက်မှုတွေ တန့်နေမယ်ဆိုရင်၊ တခြားအားနည်းတဲ့ တိုင်းပြည်တွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတာပါပဲ။ ဥရောပတလွှားက အထူးသဖြင့် စပိန်နဲ့ အီတလီ နိုင်ငံတွေက ဘဏ်လုပ်ငန်းစနစ်မှာ ကြုံနေရတဲ့ ပြဿနာတွေကလည်း စီးပွားရေးကို တဖြည်းဖြည်းချင်း ထိခိုက်နေတယ်လို့ ကျနော်ထင်ပါတယ်။”
မော်ဂန် စတန်လေ ဘဏ်ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဒီနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၄.၅% ရှိမယ်လို့ မူလက တွက်ဆထားတာကို ၃.၉% သာရှိမယ်လို့ သြဂုတ်လလယ်မှာ ပြင်ဆင်ခန့်မှန်းခဲ့သလို၊ ရှေ့နှစ်ထဲမှာလည်း စီးပွားရေး တိုးတက်မှုတွေ နှေးကွေးနေလိမ့်ဦးမယ်လို့ တွက်ချက်ခဲ့တာပါ။ တကယ်တော့ အမေရိကန်နဲ့ ဥရောပတလွှားမှာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကို ၂၀၀၈ ခုနှစ်မှာတုန်းကလည်း ကြုံခဲ့ရဖူးပြီး၊ ၂၀၀၉ ခုနှစ် တနှစ်လုံးလိုလို အကျပ်အတည်းတွေက ရုန်းထွက်နိုင်အောင် ကြိုးပမ်းခဲ့ရာက အတော်အသင့် တိုးတက်မှုတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာ လူပေါင်း ၁၄ သန်းလောက် အလုပ်လက်မဲ့ ဖြစ်နေဆဲ အခြေအနေတွေနဲ့ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်မှာလည်း ပြဿနာတွေနဲ့ ကြုံနေရဆဲ ဖြစ်သလို၊ ဥရောပတလွှား အစိုးရတွေ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်ရလို့ နိုင်ငံတကာက အကူအညီပါ ယူနေရတာတွေက စိမ်ခေါ်မှုတွေအဖြစ် တကျော့ပြန် ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကပဲ ဘဏ္ဍာရေး ဈေးကွက်မှာ ရှေ့လျှောက် အခက်အခဲတွေ ဖန်တီးပေးလိမ့်ဦးမယ်လို့ စီးပွားရေး ပညာရှင် ဂျက်ဖရီ ဆိုက်ကာ က သုံးသပ်ပါတယ်။
“ဥရောပတိုက်ဟာ သတင်းခေါင်းကြီးပိုင်းမှာ ပြန်ပါလာလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒီအခြေအနေတွေကပဲ ကျနော်တို့ရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာတွေကို ပိုဆိုးအောင် လုပ်လိမ့်မယ်၊ ရင်းနှီးမြုပ်နှံသူတွေအဖို့ ကြမ်းတမ်းတဲ့ နှစ်တနှစ် ဖြစ်လာမယ်လို့လည်း ကျနော်ထင်ပါတယ်။”
စီးပွားရေး အင်အားကြီး နိုင်ငံတွေက အခြေအနေတွေကို စိုးရိမ်ပူပမ်ရာက ကမ္ဘာတဝန်း ငွေကြေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဈေးကွက်တွေမှာ အခုကိုပဲ ပြဿနာတွေနဲ့ ကြုံနေရတာပါ။ အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေးဈေးကွက်ဖြစ်တဲ့ Wall Street မှာ ဆိုရင်လည်း ၄ ပတ် ဆက်တိုက်အဖြစ် စတော့ခ် ရှယ်ယာဈေးတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ တတိယပတ်ထဲမှာ ဆိုရင်တော့ အဓိကအစုရှယ်ယာတွေ ဖြစ်ကြတဲ့ Dow Jones အညွှန်းကိန်းက ၄% S&P က ၄.၇% နဲ့ Nasdaq ကတော့ ၆.၆% အထိ အသီးသီး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အလားတူ ဥရောပနဲ့ အာရှတလွှား ဈေးကွက်တွေထဲမှာလည်း သောကြာနေ့ ဈေးပိတ်ချိန်မှာ ရှယ်ယာဈေးတွေ ကျဆင်းခဲ့တာပါ။
ဒီအတွက်လည်း စိုးရိမ်ပူပန်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီး စိတ်ချရမယ့် ရွှေလိုခိုင်မာတဲ့ကုန်တွေကို အလုအယက် စုဆောင်းလာကြလို့ ရွှေဈေးဟာလည်း တရိပ်ရိပ် တက်လာခဲ့ပါတယ်။ သောကြာနေ့ ဈေးပိတ်ချိန်မှာတုန်းက ကမ္ဘာ့ရွှေဈေးဟာဆိုရင် ၁ အောင်စကို ဒေါ်လာ ၁,၈၀၀ ကျော်အထိ ဈေးပေါက်ခဲ့တာဖြစ်ပြီး၊ ဈေးကွက်ထဲက ဆန်းစစ်သူတွေကတော့ ဒေါ်လာ ၂,၀၀၀ လောက်အထိ ဆက်တက်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။
ဒါပေမဲ့လည်း အားတက်စရာတခုအဖြစ် မော်ဂန် စတန်လေ ဘဏ်ရဲ့ ခန့်မှန်းချက်ထဲမှာတော့ တကယ်လို့သာ စီးပွားရေး အကျပ်အတည်းတွေ နောက်တကြိမ် ကြုံလာရင်တောင်မှ အခုအချိန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဘဏ္ဍာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတုန်းကနဲ့စာရင် စီးပွားရေး အခြေအနေတွေ အထိုက်အလျောက် ကောင်းမွန်နေတာမို့ အရင်လောက် ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း တိုင်းပြည်မှာ အလုပ်လက်မဲ့ ပြဿနာလို ဖြေရှင်းစရာ ကိစ္စတွေ ရှိနေပေမဲ့ နောက်တကြိမ် စီးပွားရေး အကျပ်ဆိုက်မယ့် အဖြစ်ရောက်မယ်လို့ မမြင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဥရောပသမဂ္ဂ (EU) ရဲ့ ဥက္ကဋ္ဌ ဟာမန် ဗန်ရွန်ပေ (Herman Van Rompuy) ကလည်း စီးပွားရေး ချည့်နဲ့မှုတွေနဲ့ ကြွေးမြီပြဿနာတွေ ရင်ဆိုင်နေရတဲ့တိုင်အောင် စီးပွားရေး အကျပ်အတည်းနဲ့ ကြုံရတဲ့အထိ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။