ကမ္ဘာ့စီးပွားရေးဟာ အသင့်အတင့် ပြန်လည် ကောင်းမွန်လာနေပြီလို့ ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံ ၂၀ က ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေက အခိုင်အမာ ယုံကြည်နေတယ် ဆိုတာကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဒုတိယ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ Gwangju မြို့မှာ ၂ ရက်ကြာ ကျင်းခဲ့တဲ့ G-20 နိုင်ငံက ဒုတိယ ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲအပြီးမှာ IMF ဒုတိယ အကြီးအကဲ John Lipsky က သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။
ကမ္ဘာ့စီးပွားရေးမှာ သိသာတဲ့ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ တကမ္ဘာလုံးမှာ စီးပွားရေးဟာ အသင့်အတင့် ပြန်လည် ကောင်းမွန်လာနေပြီလို့ ဘဏ္ဍာရေး ဝန်ကြီးတွေက ယုံကြည်နေကြကြောင်း Mr. Lipsky က ပြောပါတယ်။
ဆိုးလ် (Seoul) မြို့တော်မှာ နိုဝင်ဘာလ ကျင်းပမယ့် G-20 ထိပ်သီး ညီလာခံအတွက် G-20 အဖွဲ့ဝင်နိုင်ငံက တာဝန်ရှိသူတွေ ပြင်ဆင်စရာတွေအတွက် ကြိုတင်တွေ့ဆုံ တိုင်ပင်ခဲ့ကြတာ ဖြစ်ပါတယ်။
တကမ္ဘာလုံးမှာ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ရေး၊ စည်းမျဉ်း စည်းကမ်းသစ်တွေ ချမှတ်ရေးနဲ့ ကြီးကြပ် စောင့်ကြည်မှုတွေ လုပ်ရေး စတဲ့ကိစ္စတွေကို G-20 ညီလာခံကျရင် အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အလုပ်အမှုဆောင် ဘုတ်အဖွဲ့ဝင်တွေထဲမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကိုယ်စားတွေကို ပိုပြီး နေရာပေးရေးကိုလည်း အမေရိကန် ပြည်ထောင်စုက တောင်းဆိုနေပါတယ်။