သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေးအပေါ် စိုးရိမ်မှုကြောင့် ကမ္ဘာ့အစုရှယ်ယာဈေးတွေ ကျဆင်း


တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် တနင်္လာနေ့ ကမ္ဘာတဝှမ်း အစုရှယ်ယာ ဈေးနှုန်းတွေနဲ့ ရေနံဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက Dow Jones အစုရှယ်ယာ ဈေးကွက်ဟာ ဈေးဖွင့်ပြီး မိနစ်ပိုင်း အတွင်းမှာ ၅ ရာခိုင်နှုန်း ဈေးထိုးကျ သွားခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာ တနေ့တာလုံး အတက်အကျ၊ အပြောင်းလဲတွေ ရှိနေခဲ့ပြီး နောက်ဆုံး ဈေးပိတ်ချိန်မှာတော့ အစုရှယ်ယာ အညွှန်းကိန်း ကျဆင်းမှုနှုန်းဟာ ၃.၆ ရာခိုင်နှုန်းနဲ့ အထက်မှာရှိပါတယ်။

အာရှတိုက်မှာတော့ ရှန်ဟိုင်း အစုရှယ်ယာ ဈေးကွက်ဟာ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး၊ ဂျပန်နိုင်ငံရဲ့ အဓိက အစုရှယ်ယာ ဈေးကွက်မှာတော့ ၄ ရာခိုင်နှုန်းကျော်နဲ့ ဟောင်ကောင်မှာလည်း ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ အဓိက အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်းတွေဟာလည်း ၄ ရာခိုင်နှုန်းထက်မနည်း ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Sensex အစုရှယ်ယာ ဈေးကွက်ကတော့ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး၊ ဒါဟာ ၆ နှစ်အတွင်း အနိမ့်အဆင့်ကို ထိုးကျသွားတာ ဖြစ်ပါတယ်။

လူသုံးကုန်ပစ္စည်း တော်တော်များများရဲ့ ဈေးနှုန်းတွေ ကျဆင်းသွားသလို ရေနံစိမ်းဈေးဟာလည်း ၆ နှစ် ကာလအတွင်း အနည်းဆုံးဖြစ်တဲ့ ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်နေခဲ့တာဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ တခြားကုန်ပစ္စည်းတွေကို အဓိကထားတဲ့ ဈေးကွက် ဖြစ်နေခဲ့တာပါ။

တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးတွေ ကျဆင်းနေတာနဲ့ ငွေတန်ဘိုးချလိုက်တာတွေ အပါအဝင် စီးပွားရေး ကျဆင်းမှုတွေ ဖြစ်ပေါ်နေတာတွေကြောင့် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံရဲ့ စီးပွားရေး အခြေအနေပေါ် ရင်းနှီးမြှုပ်နှံသူတွေက မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG