ကမ္ဘာပေါ်က လူသန်းပေါင်း ၁ ထောင်နီးနီးဟာ နှစ်တာရှည် အငတ်ဘေး ကြုံနေရပြီး အဟာရ ချို့ချို့တဲ့တဲ့ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ အက်ဖ်အေအိုရဲ့ အကြီးအကဲ Jacques Diouf က ပြောပါတယ်။
အဲဒီ အငတ်ဘေး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို ၇၀ % တိုးမြှင့်ဖို့ လိုအပ်တယ်လို့ Diouf က ရောမမြို့မှာ ရှိတဲ့ အက်ဖ်အေအို ရုံးချုပ်မှာ သောကြာနေ့က ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ကျင်းပရင်း ပြောကြားခဲ့ပါတယ်။
သိပ္ပံနဲ့ စိုက်ပျိုးရေး နည်းပညာမှာ အရင်က မရှိခဲ့ဖူးတဲ့ အတိုင်းအဆနဲ့ တိုးတက်နေချိန်မှာ အငတ်ဘေးကြောင့်နဲ့ အဲဒီ အငတ်ဘေးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကြောင့် လူတွေ မရေမတွက်နိုင်အောင် သေဆုံးနေကြရတာ လက်ခံနိုင်ဖို့ မရှိဘူးလို့ ရဝမ်ဒါ သမ္မတ Paul Kagame က ဆိုပါတယ်။
နိုင်ငံပေါင်း ၂၂ နိုင်ငံဟာ ကာလတာရှည် အငတ်ဘေးကို ရင်ဆိုင်နေကြရတယ်လို့ မကြာမီက ထုတ်ပြန်ခဲ့တဲ့ အက်ဖ်အေအို အစီရင်ခံစာက ဆိုပါတယ်။