သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ စားသောက်ကုန်ဈေးနှုန်း စံချိန်သစ်တင်


ကမ္ဘာ့ စားသောက်ကုန်ဈေးနှုန်း စံချိန်သစ်တင်
ကမ္ဘာ့ စားသောက်ကုန်ဈေးနှုန်း စံချိန်သစ်တင်

ကမ္ဘာ့ စားသောက်ကုန် ဈေးနှုန်းဟာ မှတ်တမ်းတင်ရလောက်အောင် မြင့်မားနေတာ တွေ့ရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ကြီး (FAO) က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ စားသောက်ကုန် ဈေးနှုန်းတွေဟာ ဒီဇင်ဘာလထက် ဇန်နဝါရီလထဲမှာ ၃.၄% ခုန်တက်သွားပြီး ဒါဟာ ၁၉၉၀ ခုနှစ် FAO အဖွဲ့ကြီးက စတင် တိုင်းတာခဲ့ချိန်ကစပြီး အမြင့်ဆုံးကို ထိုးတက်သွားတာလို့ ဆိုပါတယ်။

ဆန်စပါးနဲ့ ဂျုံလို ကောက်နှံဈေးတွေ၊ စားသုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့ လထဲမှာပဲ ထိုးတက်ခဲ့တဲ့အပြင် အခြေခံ လူသုံးကုန်ပစ္စည်း အားလုံးလောက် နီးနီးရဲ့ ဈေးတွေလည်း ထိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသားဈေးကတော့ အပြောင်းအလဲ သိပ်မရှိဘူးလို့ ပြောပါတယ်။

စားသောက်ကုန်ဈေးတွေဟာ လမယ့်လတွေ အတွင်းမှာလည်း မြင့်တက်နေနိုင်တယ်လို့ FAO အဖွဲ့က ပြောပါတယ်။ FAO ရဲ့ ဒီတွေ့ရှိချက်တွေဟာ နိုင်ငံတကာ တာဝန်ရှိသူတွေအဖို့ သိပ်ကို စိုးရိမ်သွားစေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ် အကြီးအကဲ ရောဘတ် ဇိုးလစ် (Robert Zoellick) က စားနပ်ရိက္ခအတွက် အရင်ဆုံး စဉ်းစားကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပြီး တက်နေတဲ့ စားသောက်ကုန် ဈေးနှုန်းတွေ ဆက်ပြီး မတက်အောင် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လန်ဒန် World Food Program ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က အမှုဆောင် ဒါရိုက်တာကလည်း စားနပ်ရိက္ခာဈေးနှုန်း မတည်ငြိမ်မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကြောင့် လူအစုလိုက် အပြုံလိုက် ပြောင်းရွှေ့ အခြေချမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

စားသောက်ကုန်ဈေးနှုန်း တက်နေမှုအတွက် အချက်အလက်နဲ့တကွ တိတိကျကျ ပြနေတာကို ကမ္ဘာ့နိုင်ငံတွေက အချက်ပေးသံအဖြစ် သတ်မှတ်ပြီး အရေးယူ ဆောင်ရွက်ဖို့ သင့်တယ်လို့ Oxfam နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG