သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်း ကြီးမြင့်မှု စိုးရိမ်စရာအဆင့် ရောက်ရှိ


ရေနံထုတ်လုပ်တဲ့ အာရပ်နိုင်ငံတွေက မတည်ငြိမ်မှုတွေနဲ့အတူ ကုန်ဈေးနှုန်းပြဿနာလည်း ကြီးထွား လာနေပါတယ်။
ရေနံထုတ်လုပ်တဲ့ အာရပ်နိုင်ငံတွေက မတည်ငြိမ်မှုတွေနဲ့အတူ ကုန်ဈေးနှုန်းပြဿနာလည်း ကြီးထွား လာနေပါတယ်။

မတ်လ ၁၄၊ ၂၀၁၁- ကမ္ဘာတဝန်းမှာသာမက မြန်မာနိုင်ငံမှာပါ ရိုက်ခတ်နေတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်း စားသောက်ကုန်ဈေးနှုန်းတွေဟာ စိုးရိမ်စရာ အဆင့်အထိ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီအခြေအနေတွေဟာ ရေနံထုတ်လုပ်တဲ့ အာရပ်နိုင်ငံတွေက မတည်ငြိမ်မှုတွေကြောင့် ဒီထက် ပိုတက်လာနိုင်သေးတယ်လို့လည်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က သတိပေးပါတယ်။ ကမ္ဘာတဝန်းမှာသာမက မြန်မာနိုင်ငံမှာပါ ရိုက်ခတ်နေတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာဟာ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်နေပြီလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖေဖော်ဝါရီလအထိ ၈ လ ဆက်တိုက် တက်နေတာပါ။ ဒါဟာဆိုရင် ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ကုန်ဈေးနှုန်းတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကစလို့ အမြင့်ဆုံးကို ရောက်နေတာလည်း ဖြစ်ပါတယ်။ သီးနှံနဲ့သားငါးဈေး ကြီးမြင့်မှုနဲ့ ထုတ်လုပ်မှုတွေ လျော့နည်းလာရာက ကြီးထွားလာတဲ့ ကုန်ဈေးနှုန်းတွေဟာဆိုရင် ၂၀၀၈ ခုနှစ်တုန်းကစလို့ အမြင့်ဆုံးတွေ့ခဲ့ရတာပါ။ FAO ရဲ့ သီးနှံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် အဗ္ဗဒူလ်ရီဇာ အက်ဘက်ဆီယမ် (Abdolreza Abbassian) ကတော့ သကြားကလွဲလို့ ဂျုံ၊ အသားနဲ့ နို့ထွက်ပစ္စည်းတွေ အပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေဟာ ဇွန်လကစလို့ တရိပ်ရိပ် တက်လာတာလို့ ပြောပါတယ်။
“ရာဇဝင်တင်လောက်အောင် ဈေးတွေဆက်တက်နေတုန်းပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာတုန်းက ပိုပြီးတော့တောင် တက်သွားပါသေးတယ်။ အခြေခံကျကျ တွက်ချက်ကြည့်ရင်ပဲဖြစ်ဖြစ်၊ ငွေကြေးဖောင်းပွမှုနှုန်းကို ပြင်ဆင်ကြည့်ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ခန့်မှန်းကြည့်ရင်ပဲဖြစ်ဖြစ်၊ အခြေခံ စားကုန်တွေကို နိုင်ငံတကာ ဈေးတွေနဲ့ တိုင်းတာကြည့်တဲ့ နေရာမှာ စားသောက်ကုန်ဈေးတွေဟာ ထပ်တက်နေပါတယ်။”

ကမ္ဘာတဝန်း စားသောက်ကုန် ဈေးနှုန်းတွေဟာ နောက်ထပ် သီးနှံသစ်တွေ ထွက်မယ့် အခြေအနေတွေကို မသိရမချင်း ဆက်တက် နေလိမ့်ဦးမယ်လို့လည်း သူကပြောပါတယ်။ ဒီလိုပဲ အာရပ်နိုင်ငံတွေက မတည်မငြိမ်မှုတွေနဲ့အတူ ရေနံဈေးတွေ တက်လာတာကလည်း အခုကိုပဲ ဈေးတွေတက်နေတဲ့ ကောက်ပဲသီးနှံ ဈေးကွက်ကို ရိုက်ခတ်နိုင်တယ်လို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ ရေနံဈေးနှုန်းတွေဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာတုန်းက ကြုံခဲ့ရတဲ့ အခြေအနေမျိုးအထိ ၂ နှစ်ခွဲအတွင်း အမြင့်ဆုံးကို တက်လာခဲ့တဲ့အတွက် စက်မှုလယ်ယာ လုပ်ငန်းမှာ လောင်စာကို အားထားနေရတဲ့ လယ်သမားတွေအတွက်လည်း အခက်အခဲတွေ ကြုံရနိုင်တဲ့ အခြေအနေတွေ ရှိနေတာ ဖြစ်ပါတယ်။

လယ်သမားတွေအတွက် ကုန်ကျစားရိတ်တွေ တိုးလာတာနဲ့အမျှ စားသောက်ကုန်တွေကို ပြန်ရောင်းချတဲ့ နေရာမှာလည်း နောက်ဆက်တွဲ ဈေးတင်ရောင်းလာနိုင်တာပါ။ ဒီလိုပဲ သယ်ယူပို့ဆောင်မှုတွေမှာလည်း လောင်စာဆီဈေး မြင့်တက်လာတဲ့အတွက် စားရိတ်စားခတွေ တက်လာစရာ ရှိနေပါတယ်။ ဒီလို အခြေအနေတွေက ကောက်ပဲသီးနှံ ဈေးကွက်မှာ သိသိသာသာ ရိုက်ခတ်လာလိမ့်မယ်လို့ FAO က စီးပွားရေးပညာရှင် အက်ဘက်ဆီယမ်က မြင်ပါတယ်။
“ရေနံဈေးတွေ ဆက်တက်နေတာနဲ့အမျှ၊ ကောက်ပဲသီးနှံ လုပ်ငန်းတွေမှာ အထူးသဖြင့် မကြာခင်သီတင်းပတ်တွေနဲ့ လတွေမှာ အကျိုးဆက်တွေ ရှိလာနိုင်တာကို ကျနော်တို့ ပိုပြီးစဉ်းစားထားကြရမှာ ဖြစ်ပါတယ်။”

လတ်တလောကြုံနေရတဲ့ စားနပ်ရိက္ခာ အကျပ်အတည်းတွေနဲ့ ၂၀၀၈ ခုနှစ်တုန်းက အခြေအနေကြား ခြားနားမှုတခု အနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ်ကစလို့ ဂျုံဈေးနှုန်းက ၆၀ ရာခိုင်နှုန်း၊ ဇီဝလောင်စာအဖြစ် ထုတ်လုပ်ရာမှာ အဓိက သုံးစွဲတဲ့ ပြောင်းဈေးနှုန်းကတော့ ၉၃ ရာခိုင်နှုန်းအထိ တက်နေတာဖြစ်ပေမယ့် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက် စားသုံးနေတဲ့ အခြေခံစားကုန် ဆန်ဈေးနှုန်းကတော့ ပြီးခဲ့တဲ့နှစ်ကစလို့ ၄ ရာခိုင်နှုန်းလောက်ပဲ တက်ခဲ့တာလို့ FAO က ပြောပါတယ်။ ကမ္ဘာပေါ်မှာ ဆန်အဓိကစိုက်ပျိုး ထုတ်လုပ်ရာ အာရှတိုက်က ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ စပါးအထွက်ကောင်းတဲ့ အတွက်လည်း ဒီနှစ်မှာ ဆန်ဈေးဟာ တည်ငြိမ်မှုရှိမယ်လို့ FAO က ခန့်မှန်းထားတာပါ။ ဒါပေမဲ့လည်း ရေနံဈေးတွေ ဆက်တက်နေမယ်ဆိုရင်တော့ ဆန်ထုတ်လုပ်မှုမှာ ကုန်ကျစားရိတ်တွေ တိုးလာနိုင်တယ်လို့်လည်း သတိပေးပါတယ်။

ဒီလိုဖြစ်လာရင် ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေရတဲ့ အာရှတိုက်က ဆင်းရဲသားတွေ ပိုပြီး အထိနာမယ်လို့ FAO ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ဟီရိုယူကီ ကိုနူမာ (Hiroyuki Konuma) ကပြောပါတယ်။
“၂၀၀၈ ၂၀၀၉ တုန်းက စားသောက်ကုန်ဈေးတွေ မြင့်တက်တာ၊ စီးပွားရေးကပ် ကြုံတာရောကြောင့် လူပေါင်း သန်း ၁၀၀ ကျော် အငတ်ဘေးနဲ့ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာကို မှတ်မိကြမှာပေါ့။ အခုလောလောဆယ်မှာလည်း စားသောက်ကုန်ဈေးတွေ သိပ်မြင့်တက်နေတယ်၊ ဈေးကလည်း တက်လွယ်ကျလွယ် ဖြစ်နေတာကြောင့် အဲဒီတုန်းကလို အဖြစ်မျိုးနဲ့ ကြုံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။”

စားသောက်ကုန် ဈေးနှုန်းတွေ တက်လာခဲ့တဲ့ ၂၀၀၇-၂၀၀၈ ခုနှစ်တွေအတွင်းမှာတော့ ဆန်အဓိက ထုတ်လုပ်ရာ အာရှတလွှား နိုင်ငံတွေမှာ ရိက္ခာတွေ စုဆောင်းတာ၊ ပြည်ပတင်ပို့ခွင့်တွေကို ပိတ်ပင်တာတွေလည်း လုပ်ခဲ့ကြတာပါ။ ဒီအတွက်လည်း နောက်ဆက်တွဲ ဆိုသလို ဈေးနှုန်းတွေ ဆတိုးခုန်တက်ခဲ့ဘူးပါတယ်။

လောင်စာဆီဈေးတွေ လျှော့ချပေးဖို့နဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တောင်းဆို ဆန္ဒပြမှုတွေအထိ ကြုံခဲ့ရဘူးတဲ့ မြန်မာနိုင်ငံမှာလည်း အခုနောက်ဆုံး ကုန်ဈေးနှုန်းတွေ တက်လာနေချိန်မှာ ထိန်းချုပ်ဖို့ ကြိုးပမ်းမှုအနေနဲ့ အာဏာပိုင်တွေက ဆန်တွေ ပြည်ပတင်ပို့ခွင့်ကို ယာယီဆိုင်းငံ့လိုက်တာပါ။ ခွင့်ပြုပြီးသားကလွဲလို့ နောက်ထပ် ပြည်ပပို့ခွင့်တွေ မရတော့တာလို့ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင် တယောက်က ပြောပြပါတယ်။
“ခွင့်ပြုပြီးသား လိုင်စင်လို့ ခေါ်မှာပေါ့၊ Export လိုင်စင်ကတော့ တန်ချိန်ရှိသလောက်ကို အကုန်ပေးရမှာပေါ့။ တန်ချိန်က ဆိုလိုတာ လိုင်စင်တစောင်ကို သက်တမ်းက ၃ လ ပေးတာကိုး၊ များသောအားဖြင့်။ အဲတော့ ၃ လအတွင်းကို တန်ချိန် ၁၀,၀၀၀ ဖြစ်ဖြစ်၊ ၂၀,၀၀၀ ဖြစ်ဖြစ်၊ ၃၀,၀၀၀ ဖြစ်ဖြစ် ရသလောက်တော့ ပို့ခွင့်ရှိတာပေါ့။ နောက်ထပ် အသစ်ထပ်လျှောက်တဲ့ လိုင်စင်ကိုတော့ မပေးဘူးပေါ့ဗျာ။”

မြန်မာနိုင်ငံအသင်းဝင်အဖြစ် ပါဝင်တဲ့ အာဆီယံ အသင်းနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ဝန်ကြီးတွေရဲ့ ဖေဖော်ဝါရီ လကုန်ထဲ ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲ အတွင်းမှာတော့ ကုန်ဈေးနှုန်းတွေ ကြီးထွားလာနေတာတွေကို ဟန့်တားဖို့ ကြိုးပမ်းမှု တခုအနေနဲ့ အရန်ဆန်စပါး သိုလှောင်ဖို့ သဘောတူခဲ့ကြပါတယ်။ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ၂ ရက်ကြာ အစည်းအဝေးပွဲမှာ ဒေသတွင်း နိုင်ငံတွေအနေနဲ့ ဆန်တန်ချိန် ၇၈၇,၀၀၀ လောက် စုဆောင်းသွားဖို့ လက်ခံခဲ့ကြတာပါ။ ဒီအထဲမှာ အာဆီယံ အသင်းဝင် နိုင်ငံတွေက ၈၇,၀၀၀ တရုတ်နိုင်ငံက ၃ သိန်း၊ ဂျပန်နိုင်ငံက ၂ သိန်းခွဲနဲ့ တောင်ကိုရီးယား နိုင်ငံကတော့ ၁ သိန်းခွဲ အသီးသီး ထည့်ဝင်သွားကြမှာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရေရှည် ဟန့်တားသွားနိုင်ဖို့ အတွက်ဆိုရင်တော့ အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စိုက်ပျိုးရေး လုပ်ငန်းတွေ၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုတွေမှာ တိုးမြှင်ဖို့တွေကို လုပ်သွားဖို့ လိုတယ်လို့ FAO ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ဟီရိုယူကီ ကိုနူမာ ကတော့ မြင်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီလိုလုပ်ဆောင်ဖို့ ပျက်ကွက်နေသလို၊ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက စိုက်ပျိုးရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ထောက်ပံ့တဲ့ အကူအညီ ပမာဏဟာ ၂၀ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ အခုအခါ ၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့လည်း FAO ကပြောပါတယ်။ ဒီလိုပုံစံမျိုးအတိုင်း အစိုးရတွေရဲ့ ဘဏ္ဍာရေး အသုံးစားရိတ်တွေမှာ ဆိုရင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုတွေမှာ လျှော့ပေါ့သုံးစွဲ လာနေကြတယ်လို့လည်း FAO က ထောက်ပြ သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG