သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ AIDS နေ့ မြန်မာတွေ ပါဝင်ဆင်နွှဲ


HIV/AIDS ဝေဒနာရှင်များအားကူညီ စောင့်ရှောက်ရေးပညာပေးဆောင်ရွက်နေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ။
ဒီဇင်ဘာ ၁ ရက်နေ့မှာကျရောက်တဲ့ (World AIDS Day) ကမ္ဘာ့ AIDS နေ့ကို ကမ္ဘာတဝှမ်းမှာ လုပ်ကြသလို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာတော့ ထောင်ဂဏန်းရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ စီတန်းလမ်းလျှောက်မှုတွေ လုပ်ခဲ့သလို ရန်ကုန်မြို့မှာလည်း စီတန်း လမ်းလျှောက်ပွဲ ကျင်းပခဲ့ကြပါတယ်။ ရောဂါဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်ပြီး အားပေးကြဖို့၊ နွေးထွေးစွာ ဆက်ဆံကြဖို့ အတွက် ပညာပေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတွေ များပြားလာနေတဲ့ အကြောင်းကိုလည်း ပညာပေးနဲ့ ကာကွယ်တားဆီးရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒီအကြောင်းကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

HIV ကူးစက်မှု အများအပြားရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ ဝေဒနာရှင်အများအပြားအပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေ စုပေါင်းပြီး ကမ္ဘာ့ AIDS နေ့အထိမ်းအမှတ် စီတန်းလမ်းလျှောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။

နယ်စပ်မှာတော့ HIV ဝေဒနာရှင်တွေအတွက် မဲဆောက်ဆေးရုံကြီးနဲ့ မယ်တော်ဆေးခန်းအပါအဝင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ဆေးဝါးထောက်ပံ့ပေးနေတာဖြစ်ပြီး ဝေဒနာရှင်တွေက ဆေးဝါးရဖို့ ကြိုးစားလုပ်ဆောင်နိုင်ကြောင်းနဲ့ ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ ဝေဒနာရှင်တစ်ဦးက ပြောသွားပါတယ်။

“လူသားအားလုံးဟာ ညီတူညီမျှပဲလို့ ကြွေးကြော်ပေမယ့် လက်တွေ့မှာ HIV ပိုး ကူးစက်ခံရသူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှု ရှိနေကြဆဲပါပဲ။ ဒီလိုဘဝမျိုး ကိုယ်တိုင်ကြုံတွေ့မှ ကိုယ်ချင်းစာတတ်မယ်ဆိုရင် နောက်ကျသွားပါပြီ။ HIV ကူးစက်ခံရသူတွေ အားလုံးရဲ့ ဆန္ဒမှာတော့ အားရှိတဲ့ဆက်ဆံမှုမျိုးကို မျှော်လင့်တောင့်တနေဆဲ ဖြစ်ပါတယ်။ ကျနော်အပါအဝင် အခု ရောဂါ ကူးစက်ခံရသူတွေ ARV ဆေးကို ရနိုင်အောင်လို့ စောစောစီးစီး မေးမြန်းစုံစမ်းကြပါလို့ ကျနော် အကြံပြုလိုပါတယ်။”

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံ၊ ဆေးပညာရှင်များအသင်းက ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလွဏ်းဆွေကလည်း ဝေဒနာရှင်တွေ စိတ်ဓာတ်ကျစေမယ့် ဆောင်ပုဒ်တွေကို မလုပ်ဖို့အတွက် ဒီကနေ့ မယ်တော်ဆေးခန်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

“သက်ဆိုင်ရာဆရာဝန်ကြီးတွေက
“ကုရာနတ္ထိ၊ ဆေးမရှိ။” “မုချသေမည်” - တို့၊
“ဘယ်သူမပြု၊ မိမိမှု- ကိုယ့်ထိုက်နဲ့ကိုယ့်ကံ-ခံပေတော့” ဆိုတဲ့ဟာမျိုးတွေ ပေါ့နော်။ မပြောကြဖို့အတွက်ကို အားလုံးကို မေတ္တာရပ်ခံတာကို ကျနော်တို့ ဖတ်ရ၊ ရှုရပါတယ်။ အဲဒါကြောင့်မို့လို့ အခုလို ဒီနေ့ အခမ်းအနားကြီးမှာ တက်ရောက်လာတဲ့သူတွေအားလုံးလည်း ကျနော်ထင်ပါတယ်။ HIV ကာကွယ် တိုက်ဖျက်ရေးအတွက်ကို အရမ်းစိတ်ဝင်စားတဲ့လူတွေကိုယ်တိုင်က လာပြီး ချီတက်ကြတယ်လို့ မြင်တယ်၊ အဲဒီလိုလူတွေကနေပြီး အဲဒီလို စိတ်ဓာတ် ရှိတယ်ဆိုရင် HIV အကြောင်းကို ဂဃနဏ ဖြစ်အောင် လေ့လာပြီးတော့ တကယ့် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာလည်း တကယ့်ကို ထိထိရောက်ရောက် ပူးပေါင်းပါဝင်ကြခြင်းအားဖြင့် နောင်အနာဂတ်မှာ ကျနော်တို့ ဗမာပြည်မှာလည်း HIV ဖြစ်ပွားမှုတွေ ကျဆင်းပြီးတော့ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေး အဆင့်အတန်းတွေ ပိုမိုပြီးတော့ မြင့်မားလာပါစေလို့ ကျနော်တို့ ဆုတောင်းပေးရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။”

ကမ္ဘာ့ AIDS နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း ရာဂဏန်းရှိတဲ့ ပညာပေးရေး ဆောင်ရွက်နေသူတွေက ဒီနှစ်ဆောင်ပုဒ်ဖြစ်တဲ့ HIV ကူးစက်ခံရမှု လုံးဝမရှိစေရ၊ ခွဲခြားနှိမ့်ချဆက်ဆံမှု လုံးဝမရှိစေရ၊ AIDS နဲ့ ဆက်စပ်သေဆုံးမှု လုံးဝမရှိစေရ - စတဲ့ ဆောင်ပုဒ်တွေနဲ့ ကြွေးကြော်ပြီး ချီတက်လမ်းလျှောက်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ တနေ့မှာ ပျှမ်းမျှ HIV ပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့်ရှိတဲ့အကြောင်း မြန်မာနိုင်ငံ၊ ကျန်းမာရေးဦးစီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားတဲ့ စာရင်းဇယားများအရ သိရပါတယ်။

HIV/AIDS လူနာတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ စင်တာမှာတော့ လူဦးရေ ပိုများလာတဲ့အတွက် နေရာထိုင်ခင်းတောင် မလုံလောက်ဘဲဖြစ်နေကြောင်း၊ ဆေးတိုက်ဖို့ လူနာတွေလည်း အများအပြား ရှိလာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ HIV/AIDS ဟာ လိင်ဆက်ဆံမှုကတဆင့် ကူးစက်ခြင်း၊ သွေးသွင်းမှုကတဆင့် ကူးစက်ခြင်းတွေ ဖြစ်နေတဲ့အကြောင်းကိုလည်း ပညာပေးရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ဒါ့အပြင် သွေးဖြူဥတိုင်းတာတဲ့ စက်တွေလည်း အလုံအလောက်မရှိတဲ့အတွက် ဝေဒနာခံစားနေရသူတွေဟာ ဆေးသောက်ဖို့ အချိန်ကာလကျော်မှ သောက်ရတာတွေ ရှိနေကြောင်း ကာကွယ်စောင့်ရှောက်မှုလုပ်နေတဲ့ လူထုအဖွဲ့အစည်းတွေကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG