သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ကို ကမ္ဘာ့ ခေါင်းဆောင်တွေ အောက်မေ့ သတိရ


တောင်အာဖရိကခေါင်းဆောင်ဟောင်း မန်ဒဲလား
တောင်အာဖရိကခေါင်းဆောင်ဟောင်း မန်ဒဲလား
အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် လည်းဖြစ်၊ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်တဲ့ မစ္စတာနယ်လ်ဆင်မန်ဒဲလားကို ကမ္ဘာတဝှမ်းမှာရှိတဲ့ လက်ရှိနိုင်ငံခေါင်းဆောင်တွေ နဲ့ ခေါင်းဆောင်ဟောင်းတွေက လည်း အောက်မေ့ သတိရနေကြပါတယ်။ အမေရိကန်သမ္မတအိုဘားမားက မစ္စတာမန်ဒဲလားဟာ အလွန်ကို လေးနက်တည်ကြည်တဲ့ လူသားတဦးဖြစ်သလို၊ သတ္တိပြောင်မြောက်ပြီး၊ သြဇာကြီးမားတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာမန်ဒဲလားဟာ သူ့လေးစားအားကျခဲ့သူ တဦးဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ ကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ မစ္စတာမန်ဒဲလားရဲ့ အကြီးမားဆုံးသော အမွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော် အပါအဝင် တခြား အမေရိကန်အစိုးရအဆောက်အအုံတွေမှာ တနင်္လာနေ့အထိ အမေရိကန်အလံကို တိုင်ဝက်လွှင့်ထူသွားမှာဖြစ်တယ်လို့ သမ္မတအိုဘာမားက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံမှာ နောက်ဆုံးအသားရောင်ခွဲခြားအုပ်ချုပ်ခဲ့တဲ့ အစိုးရခေါင်းဆောင် F.W. de Clarke ကလည်း ၊ ပြန်လည်သင့်မြတ်ရေးဟာ မစ္စတာ မန်ဒဲလားထားရစ်ခဲ့တဲ့ အကြီးမားဆုံး အမွေဖြစ်တယ် လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မစ္စတာမန်ဒဲလားဟာ - လူသားတန်ဖိုးကိုမြှင့်တင်ပေးခဲ့တဲ့ မဟာလူသားတဦးအဖြစ် ဂုဏ်ပြုတယ် ဆိုပြီး ပြောလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတဟောင်းတွေဖြစ်တဲ့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန် နဲ့ George W. Bush ကလည်း မစ္စတာမန်ဒဲလားဟာ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာ နဲ့ ညီမျှမှုတွေမှာ သူမတူအောင် စွမ်းဆောင်နိုင်တဲ့ ချန်ပီယံဖြစ်တယ်လို့ ဂုဏ်ပြုလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်ကလည်း မစ္စတာ မန်ဒဲလားဟာ ကမ္ဘာ့သူရဲကောင်းတဦးဖြစ်ပြီး၊ မစ္စတာမန်ဒဲလားကွယ်လွန်သွားတာဟာ ကမ္ဘာကြီးကနေ အလင်းရောင်တခုပျောက်ကွယ်သွားသလိုပဲလို့ ပြောခဲ့ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ညာဟူးကလည်း မစ္စတာမန်ဒဲလားဟာ အကြမ်းဖက်မှုကို လက်မခံတဲ့ အမြင်ကျယ်သူတဦးဖြစ်ကြောင်း၊ မိမိတို့ မျိုးဆက်မှာ ဂုဏ်ယူစရာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
XS
SM
MD
LG