သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ပဲရစ်ချီတက်ပွဲ


ပြင်သစ်နိုင်ငံမှာ လူပေါင်း ၁၇ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စည်းလုံးညီညွတ်မှု ရှိတယ်ဆိုတာပြသတဲ့ Paris မြို့တော်က လမ်းလျှောက်ချီတက်ပွဲကို အခု မိနစ်ပိုင်းအတွင်းကပဲ စတင်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင် အမြောက်အများအပါအဝင် လူပေါင်း သန်းနဲ့ချီပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ လမ်းလျှောက်ချီတက်ပွဲ စတင်ရာ La plas dula Re pu blique (Place de la République) ရင်ပြင်နားမှာ အစောပိုင်းကတည်းက နိုင်ငံစုံက လူပေါင်းထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ အပြစ်မဲ့သူတွေအတွက် ဒီကိုလာရတာပါ၊ အပြုံးတွေနဲ့ ကျမတို့က ကြောက်မသွားပါဘူးဆိုတာကိုပြဖို့လာရတာပါလို့ တယောက်က ပြောသွားသလို ကြေကွဲစရာကောင်းတဲ့အဖြစ်ကိုကျော်လွန်နိုင်ဖို့ အားလုံးစုစည်းဖို့လိုတဲ့အတွက် လာခဲ့ရတာပါလို့ တယောက်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေဦးဆောင်ပြီး လမ်းကြောင်း ၂ ခုကနေ ချီတက်ကြတဲ့ပွဲမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron ဂျာမနီဝန်ကြီးချုပ် Angela Merkel စတဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တော်တော်များများအပြင် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas၊ ဂျော်ဒန်ဘုရင်နဲ့ မိဘုရားစတဲ့ နိုင်ငံစုံကခေါင်းဆောင်တွေ ပါဝင်ချီတက်ကြတာမို့ လုံခြုံရေးကိုလည်း အထူး ချထားပါတယ်။

အမေရိကန်ပြည်ထောင်စုကိုယ်စား ရှေ့နေချုပ် Eric Holder ပါဝင်ချီတက်ပါတယ်။ လွတ်လပ်မှုကိုပြသတဲ့ ချီတက်လမ်းလျှောက်ပွဲကို ဘယ်လိုအကြမ်းဖက် လုပ်ရပ်ကမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဥရောပနိုင်ငံတဝန်းက မြို့တွေမှာလည်း စည်းလုံးမှုကိုပြတဲ့အနေနဲ့ ချီတက်လမ်းလျှောက်ပွဲတွေကို ပြုလုပ်ကြပါတယ်။

အစောပိုင်းတုန်းကတော့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး လုံခြုံရေးဆိုင်ရာ အရေးပေါ်ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ အမေရိကန်ရှေ့နေချုပ် Holder၊ ဂျာမနီ၊ ဗြိတိန်နဲ့ စပိန်နိုင်ငံတွေက ပြည်ထဲရေးဝန်ကြီးတွေပါဝင်တဲ့ အရေးပေါ်ဆွေးနွေးပွဲကို ပြင်သစ်ပြည်ထဲရေးရုံးမှာ ကျင်းပခဲ့တာပါ။

တချိန်တည်းမှာပဲ သေဆုံးသွားတဲ့သေနတ်သမား ၃ ယောက်ထဲကတယောက်ရဲ့ ရည်းစားအမျိုးသမီး လွတ်မြောက်နေဆဲဖြစ်တဲ့အတွက် ပြင်သစ်နိုင်ငံ တဝန်းမှာတော့ လုံခြုံရေးကို အထူး တင်းကြပ်ထားပါတယ်။ သရော်စာတွေရေးတဲ့ Paris မြို့ထဲက Charlie Hebdo မဂ္ဂဇင်းတိုက်နဲ့ ဂျူးလူမျိုးတွေစားတဲ့ Kosher အစားအသောက်ရောင်းတဲ့ Supermarket တို့ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်သွားတဲ့ သေနတ်သမားတွေရဲ့ တခြားအပေါင်းအပါ ကြံရာပါ ဖြစ်နိုင်သူတွေကိုလည်း စုံစမ်းရှာဖွေနေကြပါတယ်။
လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ်ရှိတယ်လို့ ပြင်သစ်ရဲတွေ မသင်္ကာဖြစ်နေတဲ့ အသက် ၂၆ နှစ်အရွယ် Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့ထဲက တူရကီနိုင်ငံကို ရောက်လာခဲ့ပြီး အခု ဆီးရီးယားကို ရောက်သွားပုံရတယ်လို့ တူရကီတာဝန်ရှိသူတွေက စနေနေ့က ပြောခဲ့ပါတယ်။

XS
SM
MD
LG