ဗြိတိန်နိုင်ငံအတွင်း ဆက်နေဖို့ Scotland နယ်သားတွေက လူထုဆန္ဒခံယူပွဲမှာ မဲခွဲ ဆုံးဖြတ်လိုက်တဲ့အပေါ် ဗြိတိန်နိုင်ငံသား အများစုအပြင် တခြား နိုင်ငံ အတော်များများ အတွက်လည်း စိတ်သက်သာရာ ရသွားစေပါတယ်။
ဒီမိုကရေစီစံနစ်ကို ခွန်အားအပြည့်အဝနဲ့ ကျင့်သုံးခဲ့ကြတဲ့ Scotland နယ်သားတွေ ကို အမေရိကန်သမ္မတ Barack Obama က သောကြာနေ့မှာ ချီးကျူး ပြောကြား လိုက်ပါတယ်။ ပြင်းထန်တဲ့ ဆွေးနွေး ငြင်းခုံမှုတွေ၊ ငြိမ်းချမ်းစွာ အခြေအတင် ပြောဆိုမှုတွေက Scotland အနေနဲ့ ဗြိတိန်အတွက်သာမကပဲ ကမ္ဘာ့ ဒီမိုကရေစီ စံနစ်ကြီးကိုပါ အကြီးအကျယ် အထောက်အကူပြုလိုက်ခြင်း ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဂျာမန်ဝန်ကြီးချုပ် Angela Markel နဲ့ စပိန်ဝန်ကြီးချုပ် Mariano Rajoy တို့ကလည်း အလားတူ သတင်းစကားတွေ ပါးလိုက်ကြပါတယ်။
ဥရောပကော်မရှင်နာမင်းကြီး Jose Manuel Barrso ကလည်း ထွက်လာတဲ့ ရလာဒ်ကို ကြိုဆိုလိုက်ပြီး စကော့တလန်အနေနဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့အတွင်း ဆက်လက် တည်ရှိနေမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြ လိုက်တာဖြစ်တယ် လို့ သောကြာနေ့မှာ ပြောပါတယ်။
နေတိုးညွန့်ပေါင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး Anders Fogh Rasmussen ကလည်း ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကို ချီးကျူးစကား ပြောကြားလိုက်ပြီး ဗြိတိန်အနေနဲ့ နေတိုးအဖွဲ့ အင်အားကောင်းအောင် ဦးဆောင် ရပ်တည်သွား မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။