သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ခုနှစ် လူ သန်း ၄၀ ကျော် နေရပ်စွန့်ခွာ


ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကမ္ဘာတဝှမ်း နေရပ်စွန့်ခွာ ပြောင်းရွှေ့ကြရသူပေါင်းဟာ ပြီးခဲ့တဲ့နှစ်ထဲ အမြင့်ဆုံးအဖြစ် ၄၀.၈ သန်းအထိ ရှိခဲ့တဲ့အကြောင်း အစီရင်ခံစာသစ်တစောင်က ဖော်ပြလိုက်ပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ နော်ဝေဒုက္ခသည်ကောင်စီရဲ့ ပြည်တွင်းဒုက္ခသည် စောင့်ကြည့်ရေးဌာန (IDMC) ရဲ့ အစီရင်ခံစာထဲမှာတော့ ၂၀၁၅ ခုနှစ် တနှစ်ထဲမှာတင် ကိုယ့်တိုင်းပြည်အတွင်း အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသူ ၂၇ သန်း ၈ သိန်း ရှိခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒီကိန်းဂဏန်းဟာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းတယ်လို့လည်း နော်ဝေဒုက္ခသည်ကောင်စီရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အကြံပေး Karl Schembri က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ထဲမှာ အိုးအိမ်စွန့်ခွာပြောင်းရွှေ့ရသူ လူဦးရေဟာ ပျမ်းမျှ တနေ့ကို ၆ သောင်း ၆ ထောင်လောက်ရှိခဲ့ပြီး၊ ဒါဟာဆိုရင် နယူးယောက်၊ လန်ဒန်၊ ပဲရစ် နဲ့ ကိုင်ရို မြို့တွေ အားလုံးပေါင်းမှာ မနှစ်ကရှိခဲ့တဲ့ လူဦးရေလောက် ရှိတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ကမ္ဘာကြီးဟာ တနှစ်ပြီးတနှစ် ဆက်တိုက်ဆိုသလို ရွှေ့ပြောင်းအခြေချမှု အကြပ်အတည်းကြီးထဲ ရောက်နေပြီး၊ အခုဆိုရင် နေရာ တော်တော်များများမှာ တင်းမာမှုပြဿနာ ဒါမှမဟုတ် ဘေးအန္တရာယ်တွေ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့လည်း NRC ရဲ့ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းခဲ့ကြသူ လူဦးရေ ၈.၆ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေဖြစ်ကြတဲ့ ယီမင်၊ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေက ဖြစ်ကြပါတယ်။ ၂၀၁၀ မှာ အာရပ်နွေဦး တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး၊ ဆီးရီးယား၊ အီရတ်နဲ့ တခြားနိုင်ငံတွေမှာ စစ်ပွဲ ဆင်နွှဲနေတဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ အရှိန်အဟုန် ကြီးထွားလာမှုတွေက အခုလို နေရပ်စွန့်ခွာ ပြောင်းရွှေ့စေတဲ့ အခြေခံ အကြောင်းအရင်းတွေ ဖြစ်ခဲ့ရပါတယ်။

XS
SM
MD
LG