သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့သမုဒ္ဒရာများနေ့နဲ့ မြန်မာ့ပင်လယ်သမုဒ္ဒရာ ထိန်းသိမ်း စောင့်ရှောက်မှု အ‌ခြေအနေ


မြိတ်ကျွန်းစုတနေရာ
မြိတ်ကျွန်းစုတနေရာ

ပင်လယ်သမုဒ္ဒရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်အတွက် နှစ်စဉ် ဇွန်လ ၈ ရက်နေ့ကို ကမ္ဘာ့သမုဒ္ဒရာများနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အခုနှစ်ရဲ့ ဆောင်ပုဒ်က "Planet Ocean: Tides are Changing" ကမ္ဘာ့သမုဒ္ဒရာ ရဲ့ ပြောင်းလဲနေတဲ့ဒီရေလှိုင်း ဖြစ်ပါတယ်။ မြန်မာပြည်က ပင်လယ်သမုဒ္ဒရာတွေရဲ့ အခြေအနေကရော ဘယ်လိုအနေအထားမှာ ရှိနေပါသလဲ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြမှာပါ။

ပင်လယ်သမုဒ္ဒရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၀၂ ခုနှစ်ကစပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။ ၂၀၀၈ ခုနှစ်မှာတော့ ဇွန်လ ၈ ရက်နေ့ကို ကမ္ဘာ့သမုဒ္ဒရာများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ပင်လယ်သမုဒ္ဒရာတွေ အတွက်ကတော့ လူတွေ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့က ခက်ခဲနေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူ Myanmar Ocean Project က မသန္တာကိုကြီးက ပြောပါတယ်။

"မြန်မာပြည်အယူအဆနဲ့ ပြောရမယ်ဆိုရင်တော့ ပင်လယ်ထိန်းသိမ်းချင်ရင် ပင်လယ်ဒေသခံတွေကိုပါ ထောက်ပံ့ပြီးတော့ ကူညီမှ ရမယ်ပေါ့နော်။ ဒီပင်လယ်မှာမှီခိုပြီး စားနေတဲ့လူတွေ၊ ပင်လယ်နဲ့အတူတူနေ နေတဲ့လူတွေ ရှေ့ရေး မတွေးနိုင်မချင်းကတော့ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်တာက အကုန်လုံးထိထိရောက်ရောက် အောင်မြင်မယ်လို့ အစ်မကတော့ မမြင်ဘူး။"

စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက် အဟောင်းတွေကလည်း ပင်လယ်သမုဒ္ဒရာအတွက် အဟန့်အတား ဖြစ်စေပါတယ်။ သန္တာကျောက်တန်းတွေနဲ့ ကျောက်ခက်တွေပေါ်မှာ တွယ်ငြိနေတဲ့ စွန့်ပစ်ငါးဖမ်း ပိုက်ဟောင်းတွေကြောင့် သမုဒ္ဒရာထဲမှာရှိတဲ့ သန္တာကျောက်တန်းတွေ အသက်ရှင်ဖို့ကလည်း ခက်ခဲလာပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုရင် ကိုယ့်ရဲ့အပြုအမူကလည်း အဓိကကျတယ်လို့ ပြောပါတယ်။

"မြန်မာပြည်ရဲ့ အဓိကအားနည်းချက်က ထိန်းသိမ်းမှုမရှိတာ၊ နားလည်မှုမရှိတာ၊ စည်းကမ်းမရှိတာပေါ့နော်။ ထိန်းသိမ်းမှုမရှိတာနဲ့ စည်းကမ်းမရှိတယ် ဆိုတာက အုပ်ချုပ်တဲ့သူတွေနဲ့ရော၊ နေထိုင်တဲ့သူတွေ စားဝတ်နေရေး အဆင်မပြေတာ - ဒါတွေအများကြီး အားနည်းချက်တွေ ပါလာတာပေါ့နော်။ ပင်လယ်ကမ်းခြေနဲ့ နည်းနည်းဝေးနေတဲ့ သူတွေအတွက်ကျတော့ ကိုယ်စားနေတဲ့ငါးက ရှားပါးတဲ့ငါးလား ဆိုတာမျိုး၊ ကိုယ့်အကျင့်တွေကိုတော့ ပြန်ပြီးစေ့စပ်ဖို့ လိုမယ်လို့တော့ မြင်တယ်ပေါ့နော်။"

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေမှာ ငါးဖမ်းလှေများနဲ့ တံငါသည်များကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉)
ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေမှာ ငါးဖမ်းလှေများနဲ့ တံငါသည်များကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉)

လူတွေရဲ့ ရှင်သန်နေထိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို အဓိက အမှီသဟဲပြုနေရတယ်ဆိုတာ မေ့လျော့တတ်ကြပါတယ်။ သဘာဝပတ်ဝန်းကျင် တောတောင်စိမ်းလန်းစိုပြေဖို့ လိုအပ်သလို၊ ပင်လယ်သမုဒ္ဒရာ ကျန်းမာဖို့ကလည်း လူတွေအတွက် လိုအပ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ လူတွေရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် အပိုင်းကို ဆောင်ရွက်နိုင်ဖို့ ခက်ခဲနေပါတယ်။

"ထိန်းသိမ်းဖို့လိုအပ်တယ် ဆိုတာက ပင်လယ်နားနေတဲ့ လူတွေကတော့ နားလည်ကြမယ်လို့ မြင်တယ်။ ပင်လယ်နဲ့ဝေးနေတဲ့ လူတွေကတော့ ပင်လယ်ဘာဖြစ်လို့ ဖြစ်နေမှန်းလဲ မသိကြဘူး။ ဒါပေမဲ့ အဓိကနားလည်သင့်တာက တောတောင် ပျက်စီးသလိုပဲ၊ ပင်လယ်လည်း ပျက်စီးနေတယ်။ တောတောင်ပျက်စီးလို့ ရာသီဥတု ပျက်စီးသလိုပဲ၊ ပင်လယ်ပျက်စီးတဲ့ အချိန်ကျရင်လည်း ရာသီဥတုပျက်စီးတယ်။ လူတွေအတွက် ထိခိုက်၊ မကောင်းတာတွေ အများကြီးဖြစ်စေတယ်။ ထိန်းသိမ်းချင်တယ် ဆိုတာကလည်း ရှေ့ရေးအတွက်တွေးတာ ဖြစ်သွားပြီ။ ဒါပေမဲ့ မြန်မာပြည်မှာ လောလောဆယ် လူတော်တော်များများက ရှေ့ရေးမတွေးနိုင်တဲ့အတွက် ဒီလိုထိန်းသိမ်းဖို့ ဆိုတာကိုလည်း တွေးဖို့အရမ်းခက်တယ်။ ဆိုတော့ ပင်လယ်ထိန်းသိမ်းစေချင်ရင် တတ်နိုင်တဲ့နေရာကနေ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကူညီကြပါလို့။"

World Oceans Day ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့သမုဒ္ဒရာတွေနဲ့ ပတ်သက်ပြီး လူတွေသိရှိ နားလည်စေဖို့နဲ့ ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပင်လယ်သမုဒ္ဒရာက သဘာဝသယံဇာတတွေ ရေရှည်တည်တံ့ဖို့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ "Planet Ocean: Tides are Changing" ကမ္ဘာ့သမုဒ္ဒရာ ရဲ့ ပြောင်းလဲနေတဲ့ဒီရေလှိုင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG