ကမ္ဘာကြီးမှာ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယ ထူပြောမှုတွေကို လာမယ့် ၅ နှစ်အတွင်း လျှော့ချပစ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံကို ဒီနေ့ စတင်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂမှာ ကျင်းပနေပါတယ်။
၂၀၀၀ ခုနှစ်မှာ ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်တွေ ဘယ်လောက် တိုးတက်မှုရှိတယ် ဆိုတာကို နိုင်ငံပေါင်း ၁၄၀ က သမ္မတတွေ၊ ၀န်ကြီးချုပ်တွေက ပြန်လည်သုံးသပ် ဆွေးနွေးနေကြပါတယ်။
အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ဖို့၊ ကလေးသူငယ် သေဆုံးနှုန်း လျော့ကျစေဖို့၊ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး စောင့်ရှောက်ဖို့နဲ့ အခြေခံပညာကို လူတိုင်း သင်ကြားတတ်မြောက်ရေး စတဲ့နယ်ပယ်တွေ အပါအ၀င် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် ၈ ခုကို ကုလသမဂ္ဂက ကနဦး ချမှတ်ခဲ့ပါတယ်။
ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာကို ဒီနှစ်အစောပိုင်း ထုတ်ပြန်ရာမှာ ထပ်မံပြီး ပံ့ပိုးမှုမရှိတဲ့ ကိစ္စဟာ နိုင်ငံ အတော်များများအတွက် ဒီရည်မှန်းချက် ပန်းတိုင်ဆီ မရောက်နိုင်ဘူးလို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရတာဟာ ဒီရည်မှန်းချက်တွေ ဖြည့်ဆည်းရေးအတွက် ကုလသမဂ္ဂ ရန်ပုံငွေ စုဆောင်းမှုကို ထိခိုက်စေခဲ့ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr Ban Ki-moon) ကတော့ ကမ္ဘာ့စီးပွားရေး မပြေလည်တာက ဒီရည်မှန်းချက်တွေကို ထိခိုက်စေတဲ့ အကြောင်းပြချက် မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင် ၈ ခုကို ရောက်နိုင်ဖို့၊ ပန်းတိုင်တခုစီကို တက်လှမ်းရာမှာ တိုးတက်မှုရဖို့ အခုကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံက လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။