သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ကမ္ဘာ့ခေါင်းဆောင် တချို့ တုန့်ပြန်


ရိုက်တာ သတင်းထောက် ကိုဝလုံး
ရိုက်တာ သတင်းထောက် ကိုဝလုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်တွေ အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခံရမှုကို စုံစမ်းရေးသားဖေါ်ထုတ်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုက်တာ သတင်းထောက်နှစ်ဦးကို တရားရုံးက မနေ့က ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်တဲ့အတွက် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ အပါအဝင် ကမ္ဘာတလွှား နိုင်ငံခေါင်းဆောင်တွေ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း သူတို့အားလုံးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nicky Haley

အခုလို သတင်းထောက်နှစ်ဦးအနေနဲ့ သတင်းကို မှန်မှန်ကန်ကန် စုံစမ်းဖေါ်ထုတ် တင်ပြခဲ့တာကို ပြစ်မှုကျူးလွန်သူတွေ ဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့တဲ့လုပ်ရပ်ဟာ မြန်မာအစိုးရအတွက် နောက်ထပ် ဆိုးရွားလှတဲ့ အမည်းစက်ကြီး တခုဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nicky Haley က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုကို စုံစမ်း ဖေါ်ထုတ်တင်ပြခဲ့တဲ့အတွက် ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သံအမတ်ကြီး Haley ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကျယ်ပြန့် ကြီးမားပြင်းထန်လှတဲ့ ညှမ်းပမ်းနှိပ်စက်သတ်ဖြတ်မှုမျိုးကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတာ အားလုံးအတွက် ရှင်းလင်းမြင်သာမှုရှိကြောင်း သံအမတ်ကြီးရဲ့ ကြေညာချက်က ဆိုပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံမှာ ပြည်သူတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ တင်ပြဖို့နဲ့ ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိလာစေဖို့ ကိစ္စဟာ တာဝန်သိတဲ့ သတင်းမီဒီယာတွေရဲ့ အလုပ်ဖြစ်တယ်လို့ Nicky Haley ကဆိုပါတယ်။ ဒါကြောင့် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့ သံအမတ်ကြီး Haley ကပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် Theresa May

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့အပေါ် ဗြိတိန် ဝန်ကြီးချုပ် Theresa May အနေနဲ့ အလွန်အလွန့်ကို စိတ်ပျက်မိကြောင်း နဲ့ သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဝန်ကြီးချုပ်က တောင်းဆိုကြောင်း သူရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က သတင်းထောက်တွေကိုပြောပါတယ်။တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို နစ်နာထိခိုက်စေတယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရက ပြောသွားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt

ဒါအပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကလည်း သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သတင်းထောက်နှစ်ဦး ထောင်ချခဲ့တဲ့ ကိစ္စကို ဆွေးနွေးမှာ ဖြစ်တယ်လို့ Twitter အကောင့်မှာ သြဂုတ်လ ၃ ရက်နေ့က ရေးသားထားပါတယ်။ ခါးသီးတဲ့ အမှန်တရားကို ထုတ်ဖေါ်ရေးသားခဲ့တဲ့ သတင်းထောက်တွေကို ထောင်ဒဏ် ချမှတ်တာဟာ သတင်းလွတ်လပ်ခွင့်ကို အလွန်အမင်း ထိခိုက်စေသလို လူတိုင်းရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေတယ်လို့လည်း သူက ရေးထားပါတယ်။ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Christoph Burger

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Christoph Burger ကလည်း မြန်မာနိုင်ငံမှာ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ သတင်းအတွက် တုန်လှုပ်မိကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“အခုလို တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ဆိုးရွားစေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ သတင်းထောက်နှစ်ဦးလုံးကို ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ အစိုးရအပေါ် သစ္စာဖောက်မှုဥပဒေနဲ့ အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ အမှန်တရား ပေါ်ပေါက်ရေး ဖြစ်စဉ်ကို ပံ့ပိုးပေးခဲ့တာကလွဲပြီး ဘာပြစ်မှုမှ ကျူးလွန်ခဲ့ကြတာ မဟုတ်ပါဘူး။”

ဒါကြောင့် တရားရုံးအနေနဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိမ့်မယ်လို့ ဂျာမနီအနေနဲ့ မျှော်လင့်ကြောင်း သူက အခုလိုပြောပါတယ်။

“လက်ရှိ ကျနော်တို့ဘက်ကတော့ ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေအတွက် အမှန်တရားဖေါ်ထုတ်တင်ပြနိုင်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်မှန်သမျှကို အားပေးထောက်ခံပါတယ်။ တရားရုံးအနေနဲ့လည်း အမိန့်ကို ပြန်ရုပ်သိမ်းလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”

EU ဥရောပသမဂ္ဂ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Federica Mogherini

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အပါအဝင် နိုင်ငံသားတိုင်းရှိသင့်တဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေး တိုးတက်မှုကို ဆုံးရှုံးစေကြောင်း EU ဥရောပသမဂ္ဂ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Federica Mogherini ရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် သူတို့ နှစ်ဦးအပေါ် ထောင်ဒဏ်စီရင်ချက်ကို ပြန်ပြီးသုံးသပ်ဖို့နဲ့ ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ အဲဒီကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland

အလားတူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကလည်း တရားရုံးဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်နဲ့ ဒီမိုကရေစီ အတွက် မျှော်လင့်ချက် အလားအလာတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်လို့ မနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ လက်ရှိရော၊ အနာဂတ်မှာပါ ဥပဒေအရ တရားမျှတမှုနဲ့ ထင်သာမြင်သာရှိဖို့ ကိုလည်း ထိခိုက်စေကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကနေဒါနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အတူ လက်တွဲပြီး ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးလုံး ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်းလည်း သူရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ထောင်ထဲမှာ ရှစ်လကြာ ထိမ်းသိမ်းခံထားရပြီးပြီ ဖြစ်တဲ့ သူတို့နှစ်ဦးကို ချက်ချင်းလွှတ်ပေးခြင်းအားဖြင့် သူတို့ရဲ့ မိသားစုတွေနဲ့အတူ ပြန်လည်နေထိုင်ပြီး သူတို့ရဲ့ အရေးပါတဲ့ သတင်းလုပ်ငန်းတွေ ပြန်ပြီး လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ရေးသားထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Iqbal Sobhan Chowdhury

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ဖို့ မြန်မာအစိုးရက ကြိုးစားနေခဲ့တယ်ဆိုတာကို ထပ်မံ သက်သေပြလိုက်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Iqbal Sobhan Chowdhury က ပြောပါတယ်။ ဒါအပြင် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှမ်းပမ်းတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရရဲ့ လုပ်ရပ်ကို ထုတ်ဖေါ်တင်ပြတင်ချင်တဲ့ သတင်းမီဒီယာပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ် တွေပဲဖြစ်ဖြစ် အစိုးရရဲ့ ဖိနှိပ် ဖမ်းဆီးမှုကို ခံရလိမ့်မယ်ဆိုတာ လူအများသိတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြောခွင့်ရက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson

ရခိုင်အရေး နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့တဲ့ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ အောက်လွှတ်အမတ်ဟောင်းလည်းဖြစ်တဲ့ Bill Richardson ကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တဲ့ စီရင်ချက်ဟာ တရားဥပဒေကို ပြက်ရယ်ပြုရာရောက်ကြောင်း ဗွီအိုအေ မြန်မာပိုင်းကို အီးမေးလ်နဲ့ တုန့်ပြန်တဲ့ သူ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို စီရင်ချက်အတွက်လည်း သူ့အနေနဲ့ အံ့သြ မသင့်မိဘူးလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အကြံပေးဘုတ်အဖွဲ့ဝင်အနေနဲ့ သွားခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရိုက်တာ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ချိန်မှာ သူ့ကို ဒေါသနဲ့ တုန့်ပြန်ခြင်းခံခဲ့ရတာကို ကြုံတွေ့ခဲ့ရကြောင်းနဲ့ အကြံပေးဘုတ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ မဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တယ်လို့ Bill Richardson က ရေးထားပါတယ်။ အဲဒီအချိန်ကစပြီးတော့လည်း ရိုဟင်ဂျာတွေအပေါ် ညှမ်းပမ်းဖိနှိပ်မှုတွေကို ဆက်လက်ပယ်ချတဲ့အနေနဲ့ အနှစ်သာရမရှိတဲ့ ဥပဒေစိုးမိုးရေးနဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုတဲ့ အာမခံချက်တွေပဲ မြန်မာအစိုးရက ကမ်းလှမ်းပြောဆိုခဲ့တယ်လို့ သူ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့အကြောင်း၊ ဒါကို ဒေါ်အောင်ဆန်းစုကြည်လည်း ခံယူမယ်လို့ သူ့အနေနဲ့ တချိန်က ယူဆခဲ့မိတယ်လို့ Bill Richardson က ဆိုပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမှန်ကို ထုတ်ဖေါ်ခဲ့မှုအတွက် အကျဉ်းချမထားပဲ သူတို့ မိသားစုနဲ့ ပြန်နေထိုင်ခွင့်ပြုဖို့ Bill Richardson က သူရဲ့ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ ဇနီးသည်ဟာ မကြာသေးခင်လပိုင်းအတွင်း သမီးဦးလေး ကိုမွေးဖွားခဲ့ပါတယ်။ နောက် ရိုက်တာသတင်းထောက် တဦးဖြစ်တဲ့ ကိုကျော်စိုးဦးမှာလည်း သမီးငယ်လေးတယောက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG