သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့တဲ့သင်္ဘော နှစ်ပေါင်း ၈၀ အကြာ ပြန်လည်တွေ့ရှိ


Montevideo Maru -- Australia WWII Shipwreck
Montevideo Maru -- Australia WWII Shipwreck

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပမ်းနဲ့ အရပ်သား ၁၀၀၀ ကျော် လိုက်ပါသွားပြီး၊ ပျောက်ဆုံးနေခဲ့တဲ့ သင်္ဘောကို နှစ်ပေါင်း ၈၀ အကြာ ဖိလစ်ပိုင်ကမ်းလွန် တောင်တရုတ်ပင်လယ်မှာ တွေ့ရှိခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်က Papua New Guinea မှာ ဂျပန်တပ်ဖွဲ့တွေ ဖမ်းဆီးခဲ့တဲ့ သြစတြေးလျနိုင်ငံသား အများစုအပါအဝင် စစ်သုံ့ပမ်း ၈၅၀ ကျော်နဲ့ အရပ်သား ၂၀၀ လောက်ကို Montevideo Maru သင်္ဘောနဲ့ တင်ဆောင်သွားခဲ့တာပါ။

ဂျပန်သယ်ယူပို့ဆောင်ရေး သင်္ဘောပေါ်မှာ ဘယ်သူတွေပါမှန်းမသိဘဲ အမေရိကန် ရေငုပ်သင်္ဘော USS Sturgeon က တော်ပီဒိုနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့တာဖြစ်ပြီး၊ အစောပိုင်းမှာတော့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတခုအဖြစ် ယူဆခဲ့ကြပါတယ်။ နစ်မြုပ်သွားတဲ့ သင်္ဘောရဲ့ တည်နေရာကိုတော့ မကြာသေးခင်အချိန်အထိ ပဟေဠိ ဖြစ်နေခဲ့တာပါ။

ဒီလဆန်းမှာပဲ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန အကူအညီနဲ့ သြစတြေးလျ သုနေသနအဖွဲ့ Silentworld Foundation က အဏ္ဏဝါဗေဒ ရှေးဟောင်းသုတေသန ပညာရှင်တွေ၊ နယ်သာလန်နိုင်ငံက ရေနက်ပိုင်း စူးစမ်းလေ့လာရေးကုမ္ပဏီ Fugro တို့ ပူးတွဲပြီး ရှာဖွေခဲ့ကြပြီး သီတင်း ၂ ပတ် အတွင်းမှာပဲ၊ ဖြစ်နိုင်ခြေရှိတဲ့ အထောက်အထားတချို့ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဖိလစ်ပိုင်ကမ်းလွန် တောင်တရုတ်ပင်လယ်မှာ သင်္ဘောပျက်ကို တွေ့ရှိခဲ့ပြီး၊ အတည်ပြုနိုင်ခဲ့ကြတာပါ။ သြစတြေးလျနိုင်ငံသား ၁၀၀၀ လောက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ သြစတြေးလျနိုင်ငံရဲ့ ရေကြောင်းရာဇဝင်မှာ အဆိုးဆုံးလည်း ဖြစ်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာတော့ သြစတြေးလျနိုင်ငံသား အများစုအပြင်၊ အမေရိကန်၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဂျပန် အပါအဝင် နိုင်ငံပေါင်း ၁ ဒါဇင်ကျော်က ပါဝင်ခဲ့ကြတာပါ။ သင်္ဘောပျက်ထဲက ရုပ်အလောင်းတွေနဲ့ ပစ္စည်းတွေကိုတော့ ဒီအတိုင်း ထားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG