ယီမင်နိုင်ငံဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ အစ္စရေးနိုင်ငံ Tel Avia မြို့ကို ကျရောက်ပေါက်ကွဲလို့ ၁၆ ယောက် ဒဏ်ရာရခဲ့တယ်ပါတယ်။ မြို့ထဲက စီးပွားရေးအချက်အခြာကျတဲ့နေရာကို ဒီကနေ့ စနေနေ့ မနက်အစောပိုင်းက ကျရောက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်ဘက်နဲ့ အရေးပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတွေ ပြောဆိုပါတယ်။
ဒါဟာ ဒီရက်ပိုင်းအတွင်း ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ မစ်ဇိုင်းဒုံးကို စစ်တပ်က ကြားဖြတ်ပစ်ချနိုင်ခဲ့ခြင်း မရှိတာကြောင့် ပေါက်ကွဲခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။ ဒုံးကျည် ကျရောက်ရာနေရာတဝိုက် အရပ်သားတွေ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရပါတယ်။ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အခြေစိုက် ဟူသီသူပုန်တွေက အစ္စရေးစစ်ဘက် ပစ်မှတ်တွေရှိရာကို ပဲ့ထိန်းတပ်ဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောဆိုပါတယ်။
အစ္စရေးက ဂါဇာဒေသမှာ ထိုးစစ်စတင်ခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ ဟူသီသူပုန်တွေက အစ္စရေးဘက်ကို အခုလို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုကို အစ္စရေးစစ်တပ်က ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ အစ္စရေးဘက်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာတွေက ဆိပ်ကမ်းတွေ၊ လောင်စာနဲ့ စွမ်းအင်အဆောက်အဦးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Forum