သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဂျပန်-မြန်မာဆွေးနွေး


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းခဲ့စဉ် (အောက်တိုဘာလ ၂၂၊ ၂၀၁၁)
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းခဲ့စဉ် (အောက်တိုဘာလ ၂၂၊ ၂၀၁၁)

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဂျပန်နိုင်ငံက အသိအမှတ်ပြုပြီး နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာတစ်ရပ် ဖွင့်လှစ်တဲ့အနေနဲ့ တရားဝင် ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဆိုင်းငံ့ထားတဲ့ ODA ဖွံ့ဖြိုးမှု အကူအညီပေးရေးအတွက် ဂျပန်နိုင်ငံက ကျွမ်းကျင်သူတွေ အကဲဖြတ်လေ့လာဖို့ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ ဦးဝဏ္ဏမောင်လွင်ကို ဘန်ကောက်မြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားတဲ့ ဒေါ်ခင်စိုးဝင်းက အပြည့်စုံ တင်ပြထားပါတယ်။

ဂျပန်နိုင်ငံက ဆိုင်းငံ့ထားတဲ့ ဖွံ့ဖြိုးမှုအကူအညီတွေ ပြန်ပေးမယ်၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်တွေကို ပြန်ဆွေးနွေးမယ်၊ ODA ဖွံ့ဖြိုးမှုအကူအညီတွေကို ဘယ်လိုကဏ္ဍတွေမှာ သုံးစွဲမလဲဆိုတာကို ညှိနှိုင်းဖို့အတွက် ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်နိုင်ငံကို လာရောက်ခဲ့တာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။ ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ သူ့ရဲ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ODA တောင်းခံဖို့ကိစ္စတခုတည်းအတွက် သွားတာမဟုတ်ပါဘူး။ ODA တောင်းခံမှုက သူတို့ပြန်ပေးမယ် ဆိုတဲ့ အနေအထားမျိုးတွေက သူတို့ဘက်က မီဒီယာတွေနဲ့ သူတို့ဘက်က စတင်ပြောကြားတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ကိုလည်း ဆက်လက်ပြီးတော့ ဘယ်လို ပူးပေါင်း အကောင်အထည်ဖော်မလဲ။ နိုင်ငံ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့အနေအထားတွေကို သွားရောက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရင်းနဲ့ပဲ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို အထူး အားရတဲ့အတွက်၊ အနှစ်သာရရှိတဲ့ ပြောင်းလဲမှုတွေကို တွေ့မြင်ရတဲ့အတွက် အခုလို ဆက်ဆံရေးစာမျက်နှာသစ် တစ်ရပ်ကို ဖွင့်လှစ်ဖို့ သူတို့အနေနဲ့ ဆုံးဖြတ်ခဲ့တယ်။”

ODA ဖွံ့ဖြိုးမှုအကူအညီနဲ့ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို အကျဉ်းချုံး ပြောပြပါတယ်။

“ကူညီထောက်ပံ့ပေးရေးတွေနဲ့ ပတ်သက်လို့ကတော့ သူတို့အနေနဲ့ ဒါဟာ နှစ်နိုင်ငံ ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့ရှိတယ်။ အရင်လုပ်လက်စ စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့လည်း နှစ်တွေကြာသွားတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ လေ့လာရေးအဖွဲ့တွေ စေလွှတ်မယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရပိုင်း၊ ပညာရှင်ပိုင်းတွေရော အသေးစိတ် ဆွေးနွေးမှုတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။ အဲဒါပြီးလို့ရှိရင်တော့ နှစ်နိုင်ငံ တာဝန်ရှိသူများပေါ့။ အစိုးရပိုင်းရော၊ နိုင်ငံရေးပိုင်းကရော တာဝန်ရှိသူတွေ အပြန်အလှန် ဖလှယ်ကြမယ်။ ပြီးရင် လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးတွေ ဆက်ပြီး ဆောင်ရွက်မယ်။ နောက်တခါ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ရင်းနှီးမြှုပ်မှုအပိုင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုတဲ့အခွင့်အလမ်းတွေကို ပူးပေါင်း ရှာဖွေကြမယ်။ ပြီးလို့ရှိရင်တော့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းဆိုင်ရာတွေမှာ ဘယ်လို ဆက်လက်ပြီးတော့ ထောက်ပံ့မလဲ ဆိုတဲ့ နည်းလမ်းတွေရှာဖွေကြမယ် ဆိုတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။”

ဂျပန်နဲ့ မြန်မာနိုင်ငံအကြား ဝန်ကြီးအဆင့် တရားဝင် ဆက်ဆံရေး ပြတ်တောက်နေခဲ့တာ ၁၆ နှစ်တာ ကြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ဇွန်လက ဟန်ဂေရီနိုင်ငံ ဘူတာပက်မြို့မှာကျင်းပခဲ့တဲ့ အာဆမ် (ASEM) ခေါ် အာဆီယံနဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်းမှာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက သံတမန်ဆက်ဆံရေး ပုံမှန် ပြန်လည်စတင်ဖို့ ဖိတ်ကြားခဲ့တဲ့အပြင် ဂျပန် ဒိုင်းယက် (Diet) လွှတ်တော် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ် ကိကုတာ (Kikuta) ကလည်း အဲဒီ ဇွန်လအတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး သူ့ကို ထပ်မံဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဇွန်လကုန်ပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မစ္စ် ကိကုတာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တယ်။ အဲဒီအချိန်မှာလည်း ကျနော့်ကို ဖိတ်ကြားခဲ့တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ စာမျက်နှာသစ်တစ်ရပ် သူတို့အနေနဲ့ ဖွင့်လှစ်လိုတယ်ဆိုတဲ့ အနေအထားနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ဂျပန်နိုင်ငံကို တရားဝင်လာရောက်ဖို့ ဖိတ်တာဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေးနဲ့ ပတ်သက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ နဲ့အဖွဲ့ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အဆင်သင့်ဖြစ်မဖြစ် အကဲခတ်လေ့လာဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံက အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်တယ်၊ ထိပ်သီးညီလာခံတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးဖို့အတွက် အိမ်နီးချင်း အာဆီယံနိုင်ငံတွေက အတွေ့အကြုံတွေကိုလည်း လေ့လာနေတယ်လို့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

“ကျနော်တို့က အဓိက ကတော့ အာဆီယံ Secretariat တွေရဲ့ အာဆီယံနိုင်ငံတွေကနေတဆင့် အတွေ့အကြုံတွေကို ယူသွားမယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ အဓိက ကတော့ သတင်းနဲ့ပတ်သက်လာရင် ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေရော၊ ပြည်ပကလာတဲ့ မီဒီယာတွေနဲ့ ချိတ်ဆက်ပြီးတော့ သတင်းအဖွဲ့တွေကိုလည်းပဲ သတင်း မှန်မှန်ကန်ကန်၊ အချိန်နဲ့တပြေးညီ သတင်းတွေယူနိုင်တဲ့ အနေအထားဖြစ်အောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သူ့ရဲ့ ဂျပန်နိုင်ငံ တရားဝင်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ ဗွီအိုအေ အမေရိကန်အသံနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမေးမြန်းခဲ့တာဟာ မြန်မာအစိုးရသစ်ရဲ့ ပြည်ပသတင်းမီဒီယာတွေ အပေါ်မှာ ပြုပြင်ပြောင်းလဲလာတဲ့ ရပ်တည်ချက်တစ်ရပ် ဖြစ်တယ်လို့လည်း မှတ်ချတ်ချပါတယ်။

XS
SM
MD
LG