သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ကုလမှာ တောင်းဆို


ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ကုလမှာ တောင်းဆို
ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ကုလမှာ တောင်းဆို

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ မြန်ဆန် တိုးတက်လာဖို့အတွက် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ အပြောက များနေပြီး လက်တွေ့ ညီမညီကိုတော့ စောင့်ကြည့်ဖို့ လိုတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က မြန်မာအစိုးရကို ဝေဖန်သွားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား အစိုးရတရပ် အနေနဲ့ ဒါဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခဲ့တာမို့ အပြောင်းအလဲ ကိစ္စတွေကို အတော်လေး အလေးပေးပြောတာ တွေ့ရပါတယ်။

မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အာမခံဖို့ လိုအပ်သလို ဥပဒေ ထုတ်ပြန်တာတွေ၊ ဥပဒေ ပြင်ဆင်ချက်တွေ လုပ်သွားမှာ ဖြစ်သလို တရားရေးစနစ် ခိုင်မာ အားကောင်းလာအောင်နဲ့ နိုင်ငံသားတိုင်း ညီတူညီမျှ အခွင့်အရေးတွေ ရရှိစေဖို့ အာမခံပါတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ မြန်ဆန်လာစေဖို့အတွက် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ လိုမယ်လို့ ပြောပါတယ်။

“ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည် ကောင်းမွန်လာစေဖို့ အစိုးရက ကြိုးပမ်းတဲ့ နေရာမှာ နိုင်ငံတကာရဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေ အနှောင့်အတား ဖြစ်နေတာက ဝမ်းနည်းစရာပါ။ ဒါကြောင့် မြန်မာနိုင်ငံ အပေါ်မှာ တဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်နေတဲ့ နိုင်ငံတွေကို တိုက်တွန်းချင်ပါတယ်။ ဒီအကန့်အသတ်တွေကို ဖယ်ရှားပေးပါ။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်နိုင်ဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။” ဆိုပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားခဲ့တာပါ။

အစိုးရသစ်အနေနဲ့ မြန်မာလူထုရဲ့ လူမှုစီးပွား ဘဝအခြေအနေ တိုးတက် ကောင်းမွန်လာဖို့ စီးပွားရေး၊ လူမှုရေးနဲ့ မူဝါဒဆိုင်ရာ ပြောင်းလဲမှု အတော်များများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒီအထဲ ဆင်းရဲမွဲတေမှု လျှော့ချရေး ကြိုးပမ်းချက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။

နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ ပြောခွင့်ရသူ အီလိန်း ပီယာစန် (Elaine Pearson) ကတော့ အပြောနဲ့ လက်တွေ့ ညီမညီကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ပြည်သူတွေ အနေနဲ့ စိတ်ချလက်ချ ယုံယုံကြည်ကြည်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တင်ပြ တိုင်ကြားနိုင်ဖို့ ဆိုရင်တော့ မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းတာထက် ပိုပြီး လုပ်ဆောင်စရာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကို ဝေဖန်ပြောကြားလို့ ဖမ်းဆီး အကျဉ်းချခံရသူတွေ ရှိနေဆဲပါ။ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိကဝတ် စကားတွေထက်၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုရှိတယ် ဆိုတာကို ပြဖို့ လက်တွေ့ ဆောင်ရွက်ရမယ့် ကိစ္စတွေ ဆောင်ရွက်သွားဖို့ လိုပါတယ်။”

လက်တွေ့အားဖြင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလာဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုသလို လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ကိစ္စ လုံခြုံရေး တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးဖို့ လိုမယ်လို့ HRW က ထောက်ပြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးကတော့ နိုင်ငံတော် သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှာ သူလုပ်ပိုင်ခွင့် ရှိတဲ့အတိုင်း လာမယ့် သင့်လျော်တဲ့ တချိန်ချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ဖို့ ရှိတယ်လို့ အထွေထွေ ညီလာခံကို ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်တော့ဖြစ်မယ်ဆိုတာ မပါသလို နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ကိစ္စကိုလည်း တိတိကျကျ ရည်ညွှန်းပြောဆိုမှု မရှိပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆွေးနွေးဖို့ အစိုးရ အနေနဲ့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောသွားပါတယ်။

HRW ပြောခွင့်ရသူ အီလိန်း ပီယာစန်ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ နေရာမှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်ဖြစ်စေမယ့် အခြေခံအားဖြင့် လွတ်လပ်တဲ့ အခင်းအကျင်း အခြေအနေရှိဖို့ ပိုအရေးကြီးတယ်လို့ ထောက်ပြပါတယ်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးဟာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေး ကိစ္စတွေကိုလည်း ပြောသွားပါသေးတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေး ကော်မရှင်ဖွဲ့တယ် ဆိုတာတွေ ဘာတွေက သိပ်လွယ်ကူတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ မြန်မာလူထုရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းပေးမလဲ ဆိုတာ ကြည့်ရမှာပါ။ အခုဟာက ပြောတာတွေက များနေပါတယ်။ လက်တွေ့လုပ်တဲ့အခါမှာ ဒီအပြောနဲ့ ကိုက်ညီသလားဆိုတာ စောင့်ကြည့်ရမှာပါ။”

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အခုလက်ရှိ ဆောင်ရွက်မှုတွေမှာ ထင်သာမြင်သာ ရလဒ်တွေ ရှိထားပါတယ်လို့ အထွေထွ ညီလာခံမှာ အခိုင်အမာ ပြောသွားပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ နောက်ပြန်လှည့်လို့ မရတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့လည်း အာမခံပါတယ်။

“မြန်မာအစိုးရ အခု ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေဟာ ထင်သာမြင်သာ ရလဒ် ရှိပါတယ်။ နောက်ကြောင်း ပြန်လှည့်လို့ မရပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အရှိန်အဟုန် ကောင်းကောင်း တက်တက်ကြွကြွ ဆောင်ရွက်နေပါတယ်။ စိန်ခေါ် အကဲစမ်းချက်တွေ ရှိပေမဲ့လို့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဆက်ပြီး လုပ်သွားဖို့ ခိုင်ခိုင်မာမာ ပိုင်းဖြတ်ထားပါတယ်။”

အခု အမေရိကန် စံတော်ချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေးကို ဆက်ပြီး ကျင်းပနေပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေလည်း တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါအပြီးမှာတော့ ဒီအဖွဲ့အနေနဲ့ ထုတ်ပြန်ချက်တရပ် ထွက်လာဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောထားပါတယ်။

XS
SM
MD
LG