သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်မှာ ဆွေးနွေး


မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်မှာ ဆွေးနွေး
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်မှာ ဆွေးနွေး

နယူးယောက်မှာ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာပြီးတက်တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) အပြင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေ ဖြစ်တဲ့ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) နဲ့ မိုက်ကယ် ပေါ့စ်နာ (Michael Posner) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ စက်တင်ဘာ ၂၂ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်တို့နဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ပြင်ပ သီးသန့် အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက် အင်္ဂါနေ့က အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောကြားခဲ့တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဟာ ကြာသပတေးနေ့မှာတော့ ဝါရှင်တန်ဒီစီကို လာရောက်ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မာ့ခ် တုန်နာ (Mark Toner) က ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာတို့နဲ့အတူ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

“ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ ပြင်ပမှာ မြန်မာ ကိုယ်စားလှယ် အဖွဲ့နဲ့ အမေရိကန် အစိုးရဘက်က တိုက်ရိုက် ဆွေးနွေးမှု လုပ်ခဲ့တာအပြင် စက်တင်ဘာ လဆန်းတုန်းက မစ္စတာ မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာတွေရဲ့ နောက်ဆက်တွဲ လုပ်ဆောင်မှုပါ။”

ဒီ နယူးယောက် ဆွေးနွေးပွဲဟာ ပွင့်လင်းမှုရှိပြီး အကျိုးရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုထက်ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် တောင်းဆိုလိုက်သလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ တိုင်းရင်းသားတွေနဲ့ စစ်ပွဲ ဆင်နွှဲနေတာတွေ ရပ်ဆိုင်းဖို့နဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အခုထက်ပိုပြီး ထင်သာမြင်သာ ရှိစေဖို့ အပါအဝင် ခိုင်မာတဲ့ အပြောင်းအလဲ ခြေလှမ်းတွေ လှမ်းဖို့ ပြောကြားခဲ့သလို အမေရိကန်နိုင်ငံရဲ့ မြန်မာအပေါ် ထားရှိတဲ့ မူဝါဒဟာ အပြောင်းအလဲ မရှိဘူးလို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒ မပြောင်းလဲပါဘူး။ တဘက်က ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေချိန်မှာပဲ တိုက်ရိုက် ဆက်ဆံ ဆွေးနွေးမှုတွေကိုပါ လုပ်နေတာပါ။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆွေးနွေးမှု လုပ်တာကို မကြာသေးခင်ကမှ တွေ့လာရတဲ့ အပြောင်းအလဲ ကိစ္စရပ်တွေအတွက် ကြိုဆိုပါတယ်။

“ဒါပေမဲ့ အခုထိ မတွေ့ရသေးတဲ့ အဓိက ပြဿနာကြီးတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တိုင်းရင်းသားတွေနဲ့ အတိုက်အခံ အဖွဲ့အစည်း အားလုံးနဲ့ ဆွေးနွေးဖို့အပြင် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံမှု ရှိစေဖို့နဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဆင်နွှဲတာတွေ ရပ်စဲအောင် လုပ်ဖို့လည်း အားပေးပါတယ်။”

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပြင် ၂၀၀၉ ခုနှစ်တုန်းက နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးဉာဏ်ဝင်းကိုလည်း ဝါရှင်တန်ဒီစီကို လာရောက်ခွင့် ပြုခဲ့တာမို့ သမ္မတ အိုဘားမား အစိုးရ လက်ထက်မှာ နှစ်ပေါင်း ၅၀ လောက်အတွင်း မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး ပျော့ပြောင်းလာခဲ့တယ်လို့ အများက ရှုမြင်ကြပါတယ်။

၁၉၉၀ နှစ်တွေလောက်ကစပြီး အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကို မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း လာရောက်မှုတွေ ကန့်သတ် အရေးယူခဲ့တာမို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစည်းအဝေးတွေမှအပ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့ပါဘူး။ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ခွင့် ပေးခဲ့ပေမဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေအရ နယူးယောက်ပြင်ပ ၂၅ မိုင်ထက်ပိုပြီး ဝေးတဲ့ နေရာကို သွားဖို့အတွက် သမ္မတ အိမ်ဖြူရဲ့ အထူးခွင့်ပြုချက် လိုအပ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဦးဉာဏ်ဝင်းကို ဝါရှင်တန်ဒီစီကို လာရောက်ခွင့် ပေးခဲ့တာမို့ အမေရိကန်၊ အာရှ စီးပွားရေး လုပ်ငန်းရှင်များ ကောင်စီနဲ့ ဗာဂျီးနီးယား အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) တို့နဲ့ တွေ့ဆုံပြီး မြန်မာသံရုံးနဲ့ သမ္မတအိမ်ဖြူ၊ လင်ကွန်း အထိမ်းအမှတ် နေရာနဲ့ ပြတိုက်တွေကို သွားရောက် လည်ပတ်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်တော့ မရခဲ့ပါဘူး။

အခု ဦးဝဏ္ဏမောင်လွင်ရဲ့ အမေရိကန်နိုင်ငံ လာရောက်မှုက အရင်အချိန်ကနဲ့ယှဉ်ရင် ကွာခြားတယ်လို့ ထောက်လှမ်းရေး အရာရှိဟောင်းနဲ့ သံတမန်ဟောင်းတဦး ဖြစ်သူ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ဦးဝဏ္ဏမောင်လွင် အနေနဲ့ကတော့ အရင်အခြေအနေနဲ့ မတူပါဘူးခင်ဗျ။ အရင် အခြေအနေတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အာဏာရှင်စနစ်အောက်မှာ သူသေဆိုသေ၊ ရှင်ဆိုရှင် လုပ်ရတဲ့ အနေအထားမျိုး ရှိပါတယ်။ အခုအပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုံး၀ ကင်းကွာသွားတာ မဟုတ်ပေမဲ့ တရားဝင် သြဇာအာဏာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီမှာ မရှိတော့ဘူး။ ဦးနေဝင်းလို ဖြစ်သွားပြီပေါ့ဗျာ။

“ဦးသိန်းစိန်တို့ အနေနဲ့ကတော့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ်မှာတော့ လုံး၀ မဆန့်ကျင်ပေမဲ့ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်သွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် ဦးဝဏ္ဏမောင်လွင် UN မှာ ပြောတာရော၊ အမေရိကန်ကို လာတာရောက အရင် ၂၀၀၂ အခြေအနေမျိုး မဟုတ်နိုင်ဘူး ဆိုတာကို ပေါ်လွင်ထင်ရှားတဲ့ အနေအထားမျိုး ရှိပါတယ်။”

ဦးအောင်လင်းထွဋ် ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG