သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး တင်းမာမှုတွေ ရှိနေချိန်မှာဘဲ တရုတ်သမ္မတ ရှီကျင်းပင်က တရုတ်ရဲ့ စီးပွားရေးကို ပိုပြီး ကျယ်ပြန့်လာအောင် ဖွင့်ပေးရေး အတွက် ဆောင်ရွက်ချက်သစ်တွေ လုပ်ဖို့ ကတိပြုလိုက်ပါတယ်။

တရုတ်အနေနဲ့ မော်တော်ကား ရင်းနှီးမြှုပ်နှံမှုကို ဖြေလျှော့ပေးရေး၊ ဒီနှစ်မှာ ကားတင်သွင်းမှု အပေါ် အခွန်လျှော့ချပေးရေး၊ ဥာဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ရေး တို့ကို လုပ်ဆောင်မယ်လို့ တရုတ် သမ္မတ Xi က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။ ဒီကဏ္ဍတွေ အားလုံးကလည်း အမေရိကန် ပြည်ထောင်စုရဲ့ အဓိက တောင်းဆိုချက်တွေ ဖြစ်ပါတယ်။

တရုတ် အစိုးရ အနေနဲ့ ကုန်သွယ်ရေးမှာ ပို့ကုန် ပိုလျှံရေးအတွက် ဆောင်ရွက်နေတာ မဟုတ်ဘဲ သွင်းကုန်တိုးတက်ရေး အတွက်လည်း မျှော်လင့်တဲ့ အကြောင်း တရုတ် သမ္မတ Xi က တောင်ပိုင်းကျွန်း ဟိုင်နန်မှာ လုပ်တဲ့ စီးပွားရေး ဖိုရမ်မှာ ပြောဆိုခဲ့တာပါ။ တရုတ်နဲ့ အမေရိကန်ကြား သွင်းကုန်တွေ အပေါ် အပြန်အလှန် အခွန်တိုးကောက်ခံနေကြပြီး နောက်ထပ်လည်း ထပ်တိုးမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကုန်သွယ်ရေး အငြင်းပွားမှု အဆုံးသတ်မယ့် အခြေအနေကို တွေ့နေရကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုခဲ့ပြီး ၂ ရက်အကြာမှာ တရုတ် သမ္မတ Xi ရဲ့ မိန့်ခွန်း ထွက်ပေါ်လာတာပါ။ ကုန်သွယ်ရေး အငြင်းပွားမှုနဲ့ ပတ်သက်လို့တော့ တရုတ်သမ္မတ Xi က မိန့်ခွန်းမှာ တိုက်ရိုက် ထည့်သွင်း မပြောခဲ့ပါဘူး။

XS
SM
MD
LG