သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Xi ရာသက်ပန် ရာထူးမြဲရင် အိမ်နီးချင်းမြန်မာအပေါ် သက်ရောက်နိုင်မှု


တရုတ်နိုင်ငံမှာ သမ္မတ သက်တမ်းကန့်သတ်ထားတာကို ပယ်ဖျက်လိုက်တာက တရုတ်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ ခေါင်းဆောင်မှုခိုင်မာရေးအတွက်ဖြစ်တယ်လို့ တရုတ်အစိုးရမီဒီယာတွေ ဖက်က ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ သုံးသပ်သူတွေကတော့ ဒီလုပ်ရပ်ကြောင့် တရုတ်နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးအရ တဖြည်းဖြည်း ပိုမို ပွင့်လင်းလာနိုင်တယ်ဆိုတဲ့ မျှော်မှန်းချက်တွေကို မှေးမှိန်သွားစေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လို သက်ရောက်နိုင်ပါလဲ။

ဒီအကြောင်း VOA သတင်းထောက် Victor Beattie သတင်းပို့ထားတာကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ကရက်လွှတ်တော်ကနေ အရင်သမ္မတသက်တမ်း ၂ ကြိမ်ကန့်သတ်ထားတာကို ပယ်ဖျက်လိုက်တာကြောင့် လက်ရှိဒုတိယသမ္မတသက်တမ်း ထမ်းဆောင်နေတဲ့ သမ္မတ ရှီဂျင်းပင် ရာသက်ပန် အုပ်စိုးသွားမှာကို စိုးရိမ်မှုတွေ ပေါ်နေချိန်မှာ တရုတ်အစိုးရပိုင် Global Times သတင်းစာက ရှီဂျင်းပင် ကိုဝိုင်းရံပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုနောက်မှာ လိုက်နာရေးဟာ တရုတ်နိုင်ငံရဲ့ အနာဂတ် ပန်းတိုင်အတွက် အဓိကကျတယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင်အစိုးရပိုင် China Daily သတင်းစာကြီးကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အခုလို သက်တမ်းကန့်သတ်ထားတာကို ဖြုတ်သိမ်းလိုက်တာကြောင့် ဘယ်ခေါင်းဆောင်မှ ရာသက်ပန်သမ္မတလုပ်မယ်လို့မဆိုလိုဘူး လက်ရှိခေါင်းဆောင် အပြောင်းအလဲတွေ ပိုအားကောင်းလာဖို့နဲ့ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် အဓိက တိုးမြင့်လုပ်ဆောင်တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

၁၉၈၂ ခုနှစ်က ဖွဲ့စည်းပုံမှာ သမ္မတသက်တမ်း ကန့်သတ်ခဲ့တာကို အခုလိုဖြေလျော့ပေးဖို့ လွှတ်တော်မှာ မဲခွဲရာမှာ လွှတ်တော်ကိုယ်စားလှယ် ၃၀၀၀ နီးပါးရှိ တဲ့အထဲက အများစုက ထောက်ခံလိုက်ပြီး ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၃ မဲသာ ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ် က နိုင်ငံရေးသိပ္ပံပါမောက္ခ DALI YANG က အခုဖွဲ့စည်းပုံပြောင်းလဲချက်ရဲ့ အဓိက ရည်ရွယ်ချက်ကို

“ဒါက ရှီဂျင်းပင်ဟာ ဒီနေ့ကာလ တရုတ်နိုင်ငံရဲ့ အမြင့်မားဆုံး ခေါင်းဆောင်မှုအဆင့်မှာ အထင်အရှား ရှိနေတယ်ဆိုတာကို တရားဝင် အသိအမှတ်ပြုလေးလိုက်တဲ့ သဘောပါပဲ။”

ဒါ့အပြင် ပါမောက္ခ DALI YANG ကဆက်ပြီး တရုတ်နိုင်ငံ အခုလိုတိုးတက်လာအောင် အရင်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် တိန်ရှောက်ဖိန် နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေ လုပ်ပေးခဲ့တာနဲ့ အခုလက်ရှိသမ္မတ Xi လုပ်ပေးခဲ့တာက တလမ်းစီ ဖြစ်နေတယ်လို့ ထောက်ပြလိုက်ပါတယ်။

“ဒီအဆင့်မှာတော့ တရုတ်ခေါင်းဆောင်တွေ အနေနဲ့ ပြသလိုက်တာကာ နိုင်ငံထဲမှာ နိုင်ငံရေးအရ ထိန်းချုပ်မှုတွေ ပိုတိုးလုပ်လာတာအပြင်၊ စီးပွားရေးအရလဲ ပိုထိန်းချုပ်လာတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်၊ ပြီးခဲ့တဲ့ (၁၆) နှစ်ခန့်အတွင်းမှာလည်း စီးပွားရေးမှာ ပိုထိန်းချုပ်လာတဲ့ဖက်ကို ရောက်လာခဲ့တယ်လေ။”

အခုလို သမ္မတ သက်တမ်း ကန့်သတ်တာကို လျော့ချလိုက်မှုအပေါ် တရုတ်လူမှု မီဒီယာကွန်ယက်တွေမှာလည်း ဝေဖန်မှုတွေ တချို့ရှိခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပါမောက္ခ YANG ကဆက်ပြီး

“အခုက နိုင်ငံရေးစနစ်အရရော ခေါင်းဆောင်မှုကပါ သတင်းမီဒီယာတွေကို ပိုထိန်းချုပ်လာတဲ့သဘောဖြစ်လာပါတယ်။ အခု အပြောင်းအလဲတွေအပေါ် ဝေဖန်မှုတွေ တိုးလာနိုင်တယ်လို့ ကြိုတွက်ပြီး ကာလာတာပေါ့နော်။ ဒါပေမဲ့ ခုလိုပိုထိန်းချုပ်လာတာကြောင့် အခု အပြောင်းအလဲအပေါ် နဂိုထဲက မကျေနပ်သူတွေကို ပို မကျေမနပ် ဖြစ်သွားစေနိုင်ပါတယ်။”

တရုတ်မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက အခုအချိန်မှာ တရုတ်အနေနဲ့ ကွန်မြူနစ်ပါတီ ရေရှည် ရည်မှန်းချက်တွေ ပါတီ နှစ် ၁၀၀ ပြည့် ရောက်မယ့် ၂၀၂၁ ခုနှစ်နဲ့ ပါတီ အုပ်ချုပ်လတဲ နှစ် ၁၀၀ ပြည့် ၂၀၄၉ ခုနှစ် စဉ်ဆက်မပျက် ခိုင်မာတဲ့ ခေါင်းဆောင်မှုရဖို့လိုတယ်လို့ ခံစားလာရပြီး ပြင်ဆင်လိုက်တာလို့ ထောက်ပြပါတယ်။ ဒီရည်မှန်းချက်တွေဖြစ်တဲ့ စီးပွားရေးဆက်ပြီးတိုးတက် ဖို့နဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖို့ စောင့်ကြည့်ရေးအဖွဲ့တွေကို အခုဖွဲ့စည်းပုံပြောင်းလဲရေး မှာ အဓိက ထည့်ခဲ့ပေမယ့် အများသိပ်မသိကြဘူးလို့ ဒေါက်တာ လှကျော်ဇောက ထောက်ပြပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီထဲမှာရော တရုတ်အစိုးရထဲမှာရော ဒီဟာတွေကို ကြီးကြပ်မယ့်ကော်မတီတွေကို ဖွဲ့စည်းအုပ်ချုုပ်ပုံ ပြင်တဲ့အထဲမှာ အဲဒါတွေကို အဓိကအားဖြင့်ပါတယ်။”

ဒေါက်တာ လှကျော်ဇောက ဆက်ပြီး အခုတရုတ်အပြောင်းအလဲကနေ မြန်မာနိုင်ငံအပေါ်မှာလည်း စီးပွားရေးအရ အထောက်အကူဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

“ရှီဂျင့်ပင်က ဆက်ပြီး သမ္မတဖြစ်နေမယ်ဆိုရင် သူတင်တဲ့ ပေါ်လစီလိုင်းဖြစ်တဲ့ One Belt One Road လေ ဒီပိုးလမ်းမ စီမံကိန်းက ပိုပြီးတော့ မြန်မြန်နဲ့ ပိုပြီး သွက်သွက်လက်လက် ဖြစ်လာမယ်ဆိုရင် အိမ်နီးနားချင်းနိုင်ငံတွေကို ကမ္ဘာ့စီးပွားရေးအတွက် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပိုမိုကောင်းမွန်လာနိုင်စရာရှိတယ်။ အဲဒီတော့ ကျမတို့ မြန်မာပြည်က အိမ်နီးနားချင်းနိုင်ငံလည်းဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံလည်း ဖြစ်တဲ့အတွက်ကြောင့် ကျမတို့အတွက်လည်း အကျိုးတစုံတရာရှိမယ်လို့ ထင်ပါတယ်။

ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးအတွက် အလားအလာကောင်းသွားစေမယ်လို့ ဒေါက်တာ လှကျော်ဇောက ဆက်ပြီးပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက်ပိုပြီးတော့ သက်ရောက်နိုင်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆောက်မယ့် One Belt One Road က မြန်မာပြည်ထဲကို ဖြတ်မယ့်လမ်းတွေက အခုမငြိမ်းချမ်းဖြစ်နေတဲ့ နေရာတွေ တွေ အဲဒီနေရာတွေက မလွဲမရှောင်သာ ငြိမ်းချမ်းရမှာလေ ။ အဲဒီအခါကျတော့ စီးပွားရေးတွေတက်လာအောင် သူတို့ ကူညီမှာတွေရှိပါတယ်။ အဲဒီအခါတော့ ငြိမ်းချမ်းရေးအတွက်လည်း တစုံတရာ တိုးတက်လာနိုင်စရာတွေ ရှိပါတယ်။”

အခုလိုအချိန်မှာ Asia Society အဖွဲ့ရဲ့ တရုတ်အရေးကျွမ်းကျင်သူ အိုဘယ်ရှလ်က အခုတရုတ်လုပ်ရက်ကြောင့် တချိန်က တရုတ်နိုင်ငံမှာ နိုင်ငံရေးအရ တဖြေးဖြေးပွင့်လင်းလာမယ်လို့ မှန်းဆထားချက်တွေက မှေးမှိန်သွားပြီလို့ ဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG