သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရကို စိန်မခေါ်ဖို့ တရုတ်သမ္မတ ဟောင်ကောင်လူထုကို သတိပေး


 ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ( ဇွန် ၃၀-၂၀၁၇)
ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ( ဇွန် ၃၀-၂၀၁၇)

ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးသစ်ရဲ့ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခန်းအနားကို တက်ရောက်ခဲ့တဲ့ တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံရဲ့ သြဇာအာဏာကို စိန်ခေါ်ဖို့ မကြိုးစားကြဖို့ ဟောင်ကောင်လူထုကို သတိပေးလိုက်ပါတယ်။ ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောရာမှာ တရုတ်သမ္မတက ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိပါးအောင်လုပ်ဖို့ ကြိုးစားတာ၊ ဗဟိုအစိုးရရဲ့ အာဏာကိုစိန်ခေါ်တာ၊ ပြည်မကြီးကို ထိုးဖောက် တိုက်ခိုက်ရာမှာ ဟောင်ကောင်ကို အသုံးချတာတွေဟာ ဘောင်ကျော်တဲ့ လုပ်ရပ်တွေအဖြစ် လက်ခံနိုင်စရာ မရှိတဲ့အကြောင်း တရုတ်သမ္မတ က ပြောဆိုသွားတာပါ။ တရုတ်အစိုးရရဲ့ သြဇာအာဏာကို စိန်ခေါ်မှုတွေအပေါ် ဘယ်လိုအရေးယူ ကိုင်တွယ်မလဲ ဆိုတာကို ပြောဆိုမသွားပါဘူး။

ဟောင်ကောင်ကျွန်းကို အုပ်ချုပ်မယ့်သူကို တိုက်ရိုက်ရွေးချယ်ခွင့်ပေးဖို့ တရုတ်နိုင်ငံက ကတိပေးထားပေမဲ့ ဖြစ်မလာတဲ့အတွက် မကြာသေးခင်နှစ်တွေကစလို့ မကျေနပ်မှုတွေ ပေါ်ပေါက်လာရာက၊ ဒီမိုကရေစီနဲ့ သီးခြားလွတ်လပ်ခွင့် ရဖို့အထိ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာနေတာပါ။

သမ္မတ Xi Jinping ကတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် အနေနဲ့ လူမှုအသိုင်းအဝန်းကြား သဘောထား ကွဲပြားမှုတွေကို ကုစားနိုင်ဖို့၊ အခွင့်အလန်းသစ်တွေ ဖန်တီးဖို့၊ စီးပွားရေးနဲ့ လူမှုဘ၀ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

တနိုင်ငံ အုပ်ချုပ်မှုစနစ် ၂ ခု ပုံစံကို ကျင့်သုံးရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သမ္မတက အသိအမှတ်ပြု ပြောဆိုခဲ့သလို၊ ဟောင်ကောင်ရဲ့ နိုင်ငံရေး၊ ဥပဒေရေးရာ ကိစ္စရပ်တွေမှာ ဘုံသဘောတူညီချက် မရနိုင်သေးပဲ ဖြစ်နေတုန်းပဲလို့လည်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဟောင်ကောင်လမ်းတွေပေါ်မှာ ဒီကနေ့ ဆန္ဒပြသူတွေကတော့ ဟောင်ကောင်ရဲ့ ပြဿနာဟာ ဘုံသဘောတူညီချက် ရရှိဖို့ကိစ္စ မဟုတ်ဘဲ၊ တရုတ်နိုင်ငံက ကတိပေးထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကသာ ပြဿနာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG