သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖေါက်နေဟု ကုလလူ့အခွင့်အရေးကောင်စီကို ယန်ဟီလီ အစီရင်ခံ


ရခိုင်မြောက်ပိုင်းမှာ ၂၀၁၆ နဲ့ ၂၀၁၇ တွင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ရာရောက်တဲ့ အနေအထားမျိုးအထိ မြင်လာရတာမို့၊ ဒါကို စုံစမ်းအရေးယူကိုင်တွယ်သွားဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းသွားပါတယ်။

ရခိုင်ပြည်နယ်မှာသာမက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာလည်း လူနည်းစုလူမျိုး အရပ်သားတွေအပေါ်မှာလည်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာတွေဖြစ်နေတယ်လို့လည်း ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် Ms.Yanghee Lee က တနင်းလာနေ့ လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုသွားပါတယ်။

NLD အစိုးရလက်ထက် နှစ်နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လျော့ပါးအားနည်းလာသလို၊ ဥပဒေနဲ့တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ဘူးလို့ Ms.Yanghee lee က ဝေဖန်သွားပါတယ်။ ဘင်္ဂလားဒေရ်ှနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာစုံစမ်းခဲ့တဲ့ ကုလသမဂ္ဂအချက်အလက်စုံစမ်းရေးအဖွဲ့ တာဝန်ရှိသူတွေကလည်း သူတို့တွေ့ရှိချက်တွေကို လူ့အခွင့်အရေးကောင်စီကို တင်ပြသွားပါတယ်။

မြန်မာအစိုးရအနေနဲ့ကတော့ ကုလသမဂ အချက်အလက်စုံစမ်းရေးအဖွဲ့ကိုရော Ms.Yanghee Lee ကိုပါ မြန်မာနိုင်ငံထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။ ဝါရှင်တန်ဒီစီက မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အထောက်အထားပြနိုင်ရင် သူတို့အနေနဲ့ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်ရှိပါတယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ မြန်မာလုံခြုံရေးတပ်တွေက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်လို့ ICC ပြစ်မှုဆိုင်ရာ နိုင်ငံတကာတရားရုံးအနေနဲ့ အရေးယူကိုင်တွယ်နိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid al-Hussein ကလည်း တိုက်တွန်းထားပါတယ်။ နိုင်ငံတကာက စွတ်စွဲနေသလို Genocide လူမျိုးတုံးသတ်ဖြတ်မှု၊ Ethnic Cleansing လူမျိုးနွယ်လိုက်ရှင်းလင်းဖယ်ရှားမှုတွေဟာ အစိုးရရဲ့ မူဝါဒမဟုတ်ဘူးလို့ မြန်မာအစိုးရက တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG