သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နိုင်ချေ စုံစမ်းဖို့လိုအပ်ဟု ယန်ဟီလီ တင်ပြ


မြန်မာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအထိ ကျုးလွန်ရာရောက်နိုင်တဲ့ အထောက်အထားတွေ ထပ်မံတွေ့ရှိနေရတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နိုင်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းထားတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားတာ၊ တားဆီးတာ၊ ပြစ်တင်ရှုတ်ချတာတွေ မရှိခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲထားပါတယ်။ မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူ တပ်ဖွဲ့ဝင်တချို့ကို အရေးယူတာတွေလည်း လုပ်ခဲ့တာပါ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုအထိ ကျုးလွန်ခဲ့တဲ့ လက္ခဏာတွေ တွေ့ရကြောင်း ပြောဆိုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid al-Hussein ကတော့ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က အရေးယူနိုင်အောင် ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်ပေးဖို့လည်း မနေ့တုန်းကပဲ တိုက်တွန်းခဲ့ပါတယ်။

ဆိုးရွားတဲ့ ရာဇဝတ်မှုကြီးတွေကို ကျုးလွန်သူတွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်မယ့် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဆက်လက် ဖိအားပေး တောင်းဆိုသွားရမှာ ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းကတော့ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် ရှင်းလင်းပြတ်သားတဲ့ အထောက်အထားတွေ ထုတ်ဖော် ပြသဖို့ လူ့အခွင့်အရေးကောင်စီမှာပဲ မနေ့တုန်းက တုံ့ပြန်ပြောဆိုထားပါတယ်။

XS
SM
MD
LG