သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး အကဲစမ်းမှုတွေ အထူးကိုယ်စားလှယ်တင်ပြ


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၁ ကြိမ်မြောက် ညီလာခံအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yan Hee Lee က မြန်မာနိုင်ငံမှာ လွတ်တော်အပါအဝင် အုပ်ချုပ်ရေး ယန္တရားတွေမှာ စစ်တပ်က ပါဝင်နေတာ၊ တရားဥပဒေပိုင်းဆိုင်ရာတွေမှာ ပြုပြင် ပြောင်းလဲမှု လိုအပ်နေသေးတာ၊ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေနဲ့ တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ဒုက္ခသည်တွေ တိုးများလာနေတာ စတဲ့အချက်တွေကို မီးမောင်းထိုး တင်ပြသွားပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yan Hee Lee ရဲ့ အနာဂတ်အရေးနဲ့ပတ်သက်လို့လည်း ဒီညီလာခံအတွင်း လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် ချဖို့ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yan Hee Lee က မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး နောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ မတ်လ ၁၄ ရက်၊ တနင်္လာနေ့က အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

တချိန်က နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အကျဉ်းချခံခဲ့ရသူတွေ အခု လွတ်တော်အမတ်တွေအဖြစ် ရွေးကောက် တင်မြောက်ခံရပြီး လွတ်တော်ထဲရောက်လာတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေဟာ အတိုင်းအတာတခုအထိ တိုးတက်မှုရှိခဲ့တယ်ဆိုတာကို ပြသနေတာဖြစ်တဲ့ အကြောင်း ယန်ဟီးလီက သူမရဲ့ အစီရင်ခံစာ အစမှာ အခုလို ပြောကြားလိုက်ပါတယ်။

“တချိန်ကလူ့အခွင့်အရေးကောင်စီအနေနဲ့ စိုးရိမ်မကင်းဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း (၁၀၀)ကျော်ဟာ အခုဆိုလွှတ်တော်တွင်းရောက်နေပါပြီ။ ဒါအပြင် အရင်က (၁၅)နှစ်နီးပါးကြာ နေအိမ်အကျယ်ချုပ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်မှာ အဓိကနိုင်ငံရေးပါတီခေါင်းဆောင်ဖြစ်လာနေပါပြီ။ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ စာမျက်နှာသစ်စတင်လိုက်တဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့လုပ်ဆောင်စရာတွေက အများကြီးကျန်ရှိနေပါသေးတယ်။ အစိုးရသစ်တိုင်းလိုပါပဲ။ လာမယ့်သတင်းပတ်တွေမှာ အကဲစမ်းမှုတွေအများကြီးရင်ဆိုင်ရမှာပါ။ သတိထားကိုင်တွယ်ရမယ့်ကိစ္စရပ်တွေလည်းအများကြီးရှိမှာပါ။”

ဒါ့အပြင် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွင်း ဆက်လက် လုပ်ဆောင်စရာ ရှိနေသေးတဲ့ အကြံပြုချက် (၄) ချက်ကိုလည်း ယန်ဟီးလီက အဆိုပြု တင်သွင်းခဲ့တာမှာ ပထမအချက်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်တယ်လို့ ပြောပါတယ်။

“ပထမကတော့ လက်ရှိအုပ်ချုပ်ရေးယန္တရားနဲ့သက်ဆိုင်တဲ့ အကဲစမ်းမှုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ် (၂၅%)ဟာ လွှတ်တော်နှစ်ရပ်စလုံးအပြင် ပြည်နယ်နဲ့တိုင်းတို့မှာ ပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ လိုအပ်မယ့် အမတ်နေရာ (၇၅%) ရဲ့ထောက်ခံမှု မရရှိနိုင်အောင် သူတို့ကို ဗီတိုအာဏာပေးထားသလိုဖြစ်နေပါတယ်။ ဒါအပြင်အရေးကြီးတဲ့ ဝန်ကြီးဌာန(၃)ခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာနတို့ဟာလည်း စစ်တပ်ရဲ့အောက်မှာရှိနေပါတယ်။ ဒီဝန်ကြီးဌာန သုံးခုစလုံးက လူ့အခွင့်အရေးအခြေအနေတိုးတက်အောင်လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ကဏ္ဍတွေပဲဖြစ်ပါတယ်။”

ဒုတိယအချက်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေမှာ ပြုပြင်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့အချက်ကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“ဒုတိယကတော့ တရားဥပဒေတွေကိုပြင်ဆင်ဖို့ လိုအပ်တဲ့အချက်ပါ။ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီတော့တဲ့ ဥပဒေတွေကို ၂၀၁၁ခုနှစ်ကစလို့ ပြန်လည်သုံးသပ် ပြင်ဆင်တာတွေရှိခဲ့တာကို ကျမကြိုဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအရလိုက်နာရမယ့် တာဝန်တွေနဲ့ မကိုက်ညီမယ့် ဥပဒေတွေ ရာနဲ့ချီပြီး ကျန်ရှိနေပါတယ်။ တချို့တို့ကတော့ ဥပဒေဟောင်းတွေဖြစ်သလို တချို့ကတော့ မကြာမီကပဲ အတည်ပြုခဲ့တာတွေရှိပါတယ်။”

တတိယအချက်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ တင်ပြခဲ့ပါတယ်။

“တတိယကတော့ ရခိုင်ပြည်နယ်အခြေအနေပါ။ အစိုးရသစ်တက်လာမှာဖြစ်တဲ့အတွက်ကြောင့် ဒါဟာအတိတ်ကကြေကွဲဖွယ်ရာ ဖြစ်ရပ်ကနေ ရုန်းထွက်နိုင်မယ့် အခွင့်ကောင်းတရပ်ပါပဲ။ အခြေအနေဟာ ရှုပ်ထွေးတယ်ဆိုတာ ကျမနားလည်ပါတယ်။ ဒါပေမဲ့လို့ ဖွံဖြိုးမှုတခုတည်းနဲ့တော့ မလောက်ပါဘူး။ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်စရာကောင်းတဲ့ လက်တွေ့အခြေအနေမှာ ဆိုးရွားနေတဲ့ ရခိုင်ပြည်နယ်ရဲ့လူနေမှုစနစ်ကို အလျင်အမြန်ပြုပြင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။”

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ခဲ့ပေမယ့်လည်း ရှမ်းနဲ့ ကချင်ပြည်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေသေးကြောင်း ယန်ဟီးလီက ပြောပါတယ်။

“ဒါပေမဲ့ အကဲစမ်းမှုတွေကတော့ရှိနေဆဲပါ။ အဖွဲ့(၇)ဖွဲ့က အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသလို အဖွဲ့ (၃)ဖွဲ့ကလည်း လက်မှတ်ရေးထိုးခွင့်ကိုမရခဲ့ကြပါဘူး။ ကျမအခုတင်သွင်းနေချိန်မှာပဲ တိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားပြီးတော့ အခြေအနေဟာ ပိုပြီးပြင်းထန်လာစရာ အကြောင်းရှိပါတယ်။ တိုက်ခိုက်မှုတွေမှာ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေရှိနေပါတယ်။ အုပ်စုအားလုံးတို့က တရားနည်းလမ်းမကျ သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှင်းပမ်းမှုတွေ၊ အသက်မပြည့်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေဖို့ ပြန်ပေးဆွဲတာတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ စတာတွေကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ဒုက္ခသည်ဦးရေဟာ နှစ်သိန်း သုံးသောင်းကျော် ရှိနေတဲ့အတွက်ကြောင့် ဂျနီဗာမြို့ရဲ့ လူဦးရေထက်တောင် များနေသေးကြေင်းလည်း မစ်ယန်ဟီးလီက ထောက်ပြသွားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီအပါအဝင် နိုင်ငံအသီးသီးက တင်ပြခဲ့ကြတဲ့အချက်တွေဟာ လက်တွေ့အခြေအနေတွေနဲ့ ကွာခြားနေတယ်လို့ မြန်မာအစိုးရ အမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။သူတို့တတွေရဲ့ အမြင်တွေဟာ လက်တွေ့ ဖြစ်ရပ်တွေနဲ့ သိပ်ကိုကွာခြားနေပါတယ်။ မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့လည်း ကျနော်တို့ အမြင်မှာ သိပ်ကို အကျယ်ချဲ့ ပြောဆိုထားတာ တွေ့ရပါတယ်။ လူတွေခံစားချက် ပြင်းပြအောင် အကျယ်ချဲ့ထားတာပါ။ OHCR ရုံးခန်းဖွင့်ဖို့နဲ့ ပတ်သက်လို့လည်း ကျနော်တို့ မကြာခဏ တုံ့ပြန်ခဲ့ပြီးဖြစ်လို့ အခု ထပ်မပြောလိုတော့ပါဘူး။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ရဲ့ အမြင်တွေကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျနော်တို့ သတိထားမိတဲ့အချက်က ကိုယ်စားလှယ်အများစုဟာ ဘာသာရေးကို ရှေ့တန်းတင်လိုကြတဲ့အတွက် ဒါဟာ မသင့်လျှော်ပါဘူး။ လူ့အခွင့်အရေးကောင်စီမှာ အမုန်းတရားပွားစေတဲ့ စကားမျိုး မပြောသင့်ကြပါဘူး။

“ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်း တုန်းက မြန်မာစစ်တပ်က ကလေးစစ်သား ၄၆ ယောက်ပြန်လွတ်ပေးလိုက်တာကို ကြိုဆိုလိုက်ပြီး သီတင်း ၂ ပတ်သာ ကျန်တော့တဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်အနေနဲ့ ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ဆောင်ရမယ့် အကြံပေးချက် (၈) ခုနဲ့ တနှစ်အတွင်း လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကိုလည်း မစ်ယန်ဟီးလီက ပြောပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ UPR လို့ခေါ်တဲ့ နိုင်ငံချင်းအလိုက် လူ့အခွင့်အရေး ပြန်လည်သုံးသပ်မှုကိုတော့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အခုလာမယ့် မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG