သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းနိုင်ဖို့ အပြုသဘော ပို ဆောင်ဖို့လို


မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ- ဘင်္ဂလားဒေ့ရှ်၊ Cox's Bazar က ဒုက္ခသည်စခန်းကိုသွားပြီးနောက် သတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ- ဘင်္ဂလားဒေ့ရှ်၊ Cox's Bazar က ဒုက္ခသည်စခန်းကိုသွားပြီးနောက် သတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

ရခိုင်ပြည်နယ်ထဲ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့သလို လတ်တလော ရခိုင် တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ အနေအထားမှာ တော့ နယ်မြေတည်ငြိမ်အေးချမ်းအောင်နဲ့ တင်းမာနေတဲ့ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ရေး မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက် သင့်တယ်လို့ ရခိုင်အရေးအကဲခတ်တွေက အကြံပြုပါတယ်။ မူဆလင်သိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်နေရဆဲပဲ ထောင်ချီတဲ့ရခိုင်ဒေသခံတွေပါ ဘေးလွတ်ရာကိုပြေးနေရတဲ့ အနေအထားမှာ အစိုးရ ဘက်ကလည်း ပိတ်ပင်တားဆီးမှုတွေမလုပ်ဘဲ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆုတ်ယုတ်မှုတွေရှိနေတယ်လို့ သတင်းစာ ရှင်းလင်းခဲ့တဲ့အပေါ် တုံ့ပြန်ချက် အမြင်သဘောထားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ သူ့ရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ်အပြီး သူ့စုံစမ်းတွေ့ရှိချက်တွေ မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့ တော်မှာ သတင်းစာရှင်းလင်းခဲ့တာပါ။ မြန်မာပြည်ကိုပြည်ဝင်ခွင့် ပိတ်ပင်ခံထားရပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ မြန်မာဒုက္ခသည်တွေ၊ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ သူ့ရဲ့ ဒီစုံစမ်း တွေ့ရှိ ချက်တွေအရ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဆုတ်ယုတ်လာနေတဲ့ အကြောင်းပြောဆိုခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကို ဖန်တီးခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အဓိက တာဝန်ရှိတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် တရားစွဲဆိုသင့်တယ်လို့ ပထမဆုံးအကြိမ် တရားဝင်ပြောကြား လိုက်တဲ့ ယန်ဟီးလီရဲ့ သတင်းစာရှင်းလင်းပွဲအပေါ်မှာတော့ ရခိုင်အရေး လေ့လာအကဲခတ်နေတဲ့ ဒေါက်တာ ခင်ဇော်ဝင်းက အခုလိုသုံးသပ်ပါတယ်။

“ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ်လေ။ သူက ဗမာပြည်ကို လာလို့မရဘူး ဖြစ်တဲ့အခါကျတော့ ပိုပြီးတော့ ဆိုးသွားတာပေါ့။ သို့သော်-အခုနကပြောတဲ့စကားတွေကတော့ နည်းနည်းလေးပြောရမယ်ဆိုရင်တော့ သံတမန်နည်း မကျတော့ဘူးလေ။ အခု သတင်းထဲမှာ highlight လုပ်ထားတာကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သူတို့က genocide နဲ့ အရေးယူဖို့ ပြောထားတာပေါ့နော။ ပထမအပိုင်းကတော့လည်း ဟုတ်တယ်၊ ကျန်တဲ့ ရိုဟင်ဂျာတွေကိုပါ ထွက်ပြေးအောင် လုပ်တယ်ဆိုတာကတော့လေ။ …ဆိုတော့ သူက လူ့အခွင့်အရေး အဖွဲ့အစည်းတခု ဆိုပါတော့ အပြင်က.INGO တခုအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကိစ္စမရှိဘူး။ အခုဟာက သူက ကုလသမဂ္ဂကို ကိုယ်စားပြုပြီး ပြောနေရတာမလား၊ နော်-သူက independent rapporteur ။ ဒါပေမယ့်လည်း လက်ရှိတာဝန်အရကတော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဖြစ်နေတာကိုး။ ဆိုတော့- နည်းနည်းလေး စကားတွေက သံတမန် မဆန်တော့ဘူး။ စောစောကပြောသလို ဘာဖြစ်လဲဆိုတော့ ဒီဘက်က မြန်မာအစိုးရနဲ့ တပ်ဘက်ကနေပြီးတော့ တုံ့ပြန်ဖို့ နည်းနည် းပိုပြီးတော့ လွယ်ကူသွားတာပေါ့။ အဲလိုပဲမြင်တယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee ပြောဆိုခဲ့တာ ကတော့ ဒေသခံ အစွန်းရောက်တွေ၊ ဒေသခံတွေနဲ့လုံခြုံရေးတပ်တွေဘက်က ၂၀၁၉ ခုနှစ်မှာကို မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ မူဆလင်တွေကို နေရပ်စွန့်အောင် ဖိအားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုချက်အပေါ်မှာတော့ ရခိုင် အမျိုးသား ပါတီရဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့ကတော့ ၂၀၁၉ မှာ အဲလိုဖြစ်တယ်ဆိုတဲ့ မြေပြင်သတင်းအချက်အလက်ပေါ့နော်-ကျနော်တို့လည်း ဒေသခံတွေပါ။ အဲဒီလို ပူးပေါင်းကြံစည်တယ်-ရွာတွေကို မီးရှို့တယ်၊ အတင်းအဓမ္မ ဟိုဘက်ကို ထွက်သွား အောင် လုပ်တယ်ဆိုတဲ့ သတင်းမျိုးတော့ ကျနော်တို့ဘက်က မကြားမိဘူး။ ဒါ တဘက်သတ် သူရောက်ခဲ့တဲ့နေရာတွေက တဘက်သတ်ပြောဆိုတာတွေ ဖြစ်လိမ့်မယ်လို့တော့ ကျနော်တို့ထင်တယ်ဗျ။ တကယ်တော့ တကယ့်.ကမ္ဘာ့အဖွဲ့အစည်းတခုရဲ့ အထင်ကရ တာဝန်ရှိသူတယောက်အနေနဲ့ ဒီလို လက်လွတ်စပယ်ပြောပြီးတော့ - …ပုံမှားရိုက်တယ်၊ ပြီးတော့ သတင်းမှားတွေကို ဖြန့်ချီတယ်၊ အဲဒီအပေါ်မှာ action ဖြစ်အောင်လုပ်တယ်၊ ဒါဟာ တဘက်သတ် လုပ်ကြံ စွပ်စွဲတာပဲလို့ ကျနော် မြင်ပါတယ်ဗျ။”

ရခိုင်ပြည်နယ်ထဲ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မူဆလင်သိန်းချီ ဘင်္ဂလား ဒေ့ရှ် ဘက် တိမ်းရှောင်နေရဆဲ အခြေအနေ လတ်တလော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရ တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လို့ ထောင်ချီတဲ့ဒေသခံတွေပါ ဘေးလွတ်ရာကိုပြေးနေရတဲ့ အနေအထားမှာ ပြန်လည် တင်းမာနေတဲ့ ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းကြပါလို့လည်း ရခိုင်လွှတ်တော်ကိုယ်စား လှယ်က အကြံပြုပါတယ်။

“ကျနော်တို့နိုင်ငံမှာနော် ဒါ ဖြစ်လည်း ဖြစ်ပြီးခဲ့ပြီပေါ့။ ဒီအပေါ်မှာ အငြိုးအတေးထားပြီးတော့ တဘက်သတ် ဒီလို အလုပ်မဖြစ်တဲ့ကိစ္စတွေကို တွန်းပို့နေမယ်။ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ICC တင်ဖို့ တိုက်တွန်း နေမယ် ဆိုရင်တော့ ဒါ ကျနော်တို့ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဒီဘက်မှာလည်း ဒုက္ခသည်ပြန်လည် လက်ခံရေး- ဒါတွေဟာ အများကြီး တခြား ပယောဂတွေဝင်လာနိုင်ပါတယ်။ အဲဒါက ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။”

ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နေချိန်မှာ အစိုးရဘက်ကလည်း ကုလအထူး ကိုယ်စား လှယ်အပေါ် လူအရ ပိတ်ပင်တားဆီးမှုတွေမလုပ်ဘဲ ပိုပြီးတော့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂနဲ့ ပိုပြီးတော့ပူးပေါင်းဆောင်ရွက်ပါလို့ ပြောနေတာပဲ။ ဒီနည်းလမ်း--အခက်အခဲတွေက ကုလသမဂ္ဂကနေ တဆင့်ပဲ ဖြေရှင်းလို့ရမယ်။ ပြောမယ်ဆိုရင်တော့ ပြည်တွင်း ငြိမ်းချမ်းရေးလိုပဲပေါ့။ လုပ်ရင်း လုပ်ရင်းနဲ့ ပြောရင်းပြောရင်းနဲ့ကို အစွန်းတွေက ရောက်ရောက်ကုန်ကြတာ။ ဟိုဘက်ကော ဒီဘက်ကော- နော်။ ဒါတွေက နည်းနည်းလေး ဝမ်းနည်းစရာ ကောင်းတာပေါ့ကွာ။ အဲလို ပြောချင်ပါတယ်။ ဒီကိစ္စက လိမ္မာပါးနပ်စွာ ကိုင်ရမယ်။ အခုတော့ အဲလိုမဟုတ်ဘူး၊ တုံးတိကြီ းသွားပြောတဲ့အခါကျတော့ ကိုယ့်ဘက်က ပိုပြီးတော့ မျက်နှာပျက်ရတာပေါ့။”

မြန်မာ အစိုးရဘက်ကတော့ ယန်ဟီးလီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတွေဟာ မှန်ကန်မှု မရှိဘူး တဖက်သတ် ဆန်တယ်လို့ ပြောဆိုထားပြီး ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ ဆုံးဖြတ်ထားသလို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ပြည်ဝင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်အတွင်း တွေ့ရှိချက်တွေကိုတော့ လာမယ့် မတ်လ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြအစီရင်ခံမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG