သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကိုယ်စားလှယ် မန္တလေးအခြေအနေစူးစမ်း


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ဓာတ်ပုံ - သိန်းအောင်မြင့်)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ဓာတ်ပုံ - သိန်းအောင်မြင့်)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့ကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့ဆုံပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေအကြောင်း မေးမြန်းသွားခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေကိုလည်း ကိုယ်တိုင်သွားရောက် ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့မှာ မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ဆီ ခရီးဆက်ခဲ့ပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် မန္တလေးကို ခရီးဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ Ms. Yanghee Lee ရဲ့ မန္တလေးမြို့ခရီးစဉ်အကြောင်း အတူလိုက်ပါသွားတဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“အခုပဲ ဝန်ကြီးချုပ်နဲ့တွေ့တယ်။ ပြီးတော့ ဒီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်တွေပေါ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့တယ်ခင်ဗျာ။ အဲ့ဒါပြီးတော့ အခု ကျနော်တို့ နေပြည်တော် သွားနေကြပြီ။”

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအရေး မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခုလ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာတွေကိုလည်း ကိုယ်တိုင်သွားရောက် လေ့လာခဲ့တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒီအခင်းဖြစ်ပွားတဲ့နေရာတွေ၊ နောက်ပြီးတော့ သင်္ချိုင်းမှာ မီးရှို့ထားတဲ့နေရာတွေ အဲ့ဒါတွေ သူက လိုက်ပြတယ်။”

ညနေပိုင်းမှာ ဘာသာပေါင်းစုံက မန္တလေးမြို့ခံတွေနဲ့ ဖွဲ့စည်းထားတဲ့ မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဗုဒ္ဓဘာသာ အပါအဝင် အစ္စလာမ်ဘာသာဝင်တွေပါ ပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သတ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြောကြားခဲ့ကြောင်း လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်သာသနာ ပရမတ္ထ မိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ဦးသိန်းဝင်းအောင်က ပြောပါတယ်။

“ဒီလိုမျိုး တွေ့ဆုံတဲ့ဟာကို ကျနော်တို့ သတင်းထုတ်ပြန်ခြင်း မလုပ်ပါနဲ့ဆိုပြီး သဘောတူညီမှုယူပါတယ်။ ကျနော်တို့လည်း မထုတ်ပြန်ပါဘူးလို့ ပြောပါတယ်။ အဲ့ဒါ ကျနော်တို့အဖွဲ့က ဒီမှာပြီးတဲ့အချိန်မှာ မီဒီယာတွေက အပြင်ကနေ စောင့်နေတာ ဘယ်လိုပြောမလဲဆိုတာ ကျနော်တို့ ဒီအဖွဲ့ရဲ့ အားလုံး သတင်းထုတ်ပြန်ရေးအဖွဲ့ကနေ ဒီလူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့တယ်။ မန္တလေးမြို့ဖြစ်စဉ်တွေအားလုံးကို ကျနော်တို့ အသေးစိတ် အားလုံး ပြောလိုက်တယ်။ ဘာသာပေါင်းစုံ ရှုထောင့်ကနေ ပြောလိုက်တယ်။ အဲ့လိုပြောလိုက်တဲ့အချိန်မှာ သူတို့က ဒါတွေအားလုံးကို မှတ်သွားပြီးတော့မှ သူတို့အနေနဲ့ အစိုးရကိုလည်း တင်ပြပါမယ်။ နိုင်ငံတကာ သူတို့အဖွဲ့အစည်းကိုလည်း တင်ပြပါမယ်။ ကျနော်တို့အဖွဲ့နဲ့လည်း ပူးပေါင်းပြီး ဆောင်ရွက်ပါမယ်လို့ အဲ့လို ပြောသွားပါတယ်ခင်ဗျ။”

မန္တလေးမြို့မှာ ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားဖို့အတွက် အဓိကထား ဆွေးနွေးပြောဆိုခဲ့ကြကြောင်း မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီဝင် ကိုဇာနည်က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ မန္တလေးမှာ ဇူလိုင် ၁ ရက်၊ ၂ ရက် ဖြစ်စဉ်ကို ကျနော်တို့ သိတာမြင်တာတွေကို ကျနော်တို့ ပြောပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ မန္တလေးမှာ အမြဲတမ်း ငြိမ်းချမ်းရေးရဖို့အတွက် ဆိုလို့ရှိရင် ကျနော်တို့ရဲ့ လူမှုကူညီရေးအသင်းတွေကို ညီညီညွတ်ညွတ်နဲ့ လူထုကလည်း ညီညီညွတ်ညွတ်နဲ့ ကာကွယ်သွားမယ်ဆိုတာကို ကျနော်တို့ ပြောလိုက်ပါတယ်ခင်ဗျာ”

အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းကြောင့် မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေမှာ လူ ၂ ဦးသေဆုံးခဲ့ပြီး၊ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အုပ်စုဖွဲ့ ဆူပူအကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် မန္တလေးတိုင်းတွင်းက မြို့နယ်တချို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

Ms. Yanghee Lee ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အင်းစိန်ထောင် အပါအဝင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေကိုလည်း သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအပြင် လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မန္တလေးမြို့ကနေ နေပြည်တော်ကို ခရီးဆက်သွားပြီဖြစ်ပါတယ်။ နေပြည်တော်မှာတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံသွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG