သဘာ၀ သယံဇာတ အရင်းအမြစ်တွေကို အတားအဆီးမဲ့ ထုတ်ယူနေတာတွေကြောင့် လူ့အခွင့်အရေး အပေါ်မှာ အကြီးအကျယ် သက်ရောက်မှု ရှိနေတယ်လို့ အထူး ကိုယ်စားလှယ် ယန်ဟီးလီက ကုလ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းလိုက်ပါတယ်။ သယံဇာတ အရင်းအမြစ် ဒေသတွေမှာ တပ်တွေ ရုပ်သိမ်းဖို့၊ သဘာ၀ သယံဇာတက ရတဲ့ ဘဏ္ဍာငွေတွေကို ခွဲေ၀ အသုံးချဖို့လည်း တိုက်တွန်း ထားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို တနလာၤနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာတော့ သဘာ၀ သယံဇာတတွေကို အတားအဆီးမဲ့ ထုတ်ယူမှုကြောင့် ဒေသခံတွေ အပေါ် ထိခိုက်နေရတဲ့ အခြေအနေတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။ သယံဇာတ တူးဖော်မှုကနေ ရတဲ့ အကျိုးအမြတ်တွေက မြန်မာ ပြည်သူတွေနဲ့ အစိုးရ ဆီကို ရောက်တာ သိပ်မရှိလှဘူးလို့ အစီရင်ခံစာမှာ ပြောဆို ထားပါတယ်။ ရေရှည်ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး၊ လူမှု အခွင့်အရေး တိုးတက်ရေးတို့မှာ သုံးရမယ့် အစား သဘာ၀ သယံဇာတကရတဲ့ အကျိုးအမြတ် အများစုက စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့စစ်တွေ၊ သြဇာရှိသူတွေ၊ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက အကျိုးအမြတ်တွေ ဖြစ်သွားစေတယ်၊ ဒါတွေကို လက်တွေ့ ပြုပြင်ပြောင်းလဲနိုင်ရေး အတွက်လည်း ယန်ဟီးလီက တိုက်တွန်းပါတယ်။
"သတ္တုတူးဖော်ရေး ဒေသတွေကနေ တပ်တွေ ပြန်ပြီး ရပ်သိမ်းပြီး စည်းမျဉ်း ဥပဒေနဲ့ အညီ ကျင့်သုံးနိုင်ပါတယ်။ ကျောက်မျက် ရေးရာ မူဝါဒ တရပ်ကို ချမှတ်ဖို့ အရေးတကြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဥပဒေပြုရေးပြုပြင်ပြောင်းလဲရေးအတွက် သဘာ၀ သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ EITI နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်ရမှာပါ။ "
ကချင်ပြည်နယ်က ရွှေ၊ ကျောက်စိမ်းနဲ့ ပယင်း တူးဖော်ရေး လုပ်ငန်းတွေ၊ ရှမ်းပြည်နယ်က ရွှေ၊ ပတ္တမြား၊ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းတွေ၊ နောက် ကရင်နဲ့ တနသာၤရီတို့က သံနဲ့ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံချက်တွေလည်း ရရှိနေတယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တင်ပြပါတယ်။
သဘာ၀ သယံဇာတက ရတဲ့ ဝင်ငွေတွေက သီးသန့် တစုတဖွဲ့တည်း အတွက် မဟုတ်ဘဲ နိုင်ငံအတွက် အသုံးပြုနိုင်ဖို့ အရေးကြီးတယ်လို့လည်း ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ လီ က တိုက်တွန်းထားပါတယ်။
"စစ်တပ်၊ နောက် အရပ်သားအစိုးရကို အားပျော့သွားစေတဲ့ စစ်တပ်ရဲ့ မဟာမိတ်တွေ ထံကနေ ဒီ သဘာ၀ သယံဇာတ ထုတ်ယူရာက ရတဲ့ ဘဏ္ဍာငွေကို အရေးကြီးတဲ့ ဝန်ဆောင်မှုတွေနဲ့ ဖွံ့ဖြိုးမှုတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အရေး အပြည့်အ၀ ရရှိရေးတို့မှာ အသုံးပြုဖို့ လိုအပ်ပါတယ်။ "
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံ မြန်မာ့အရေး ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ Forum Asia က ဒေါ်ခင်ဥမ္မာကတော့ မြန်မာ့ သဘာ၀ သယံဇာတတွေကို အတားအဆီးမဲ့ ထုတ်ယူမှုတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်ကြရကြောင်းနဲ့ ဒီက ရတဲ့ အကျိုးအမြတ်တွေကို စစ်တပ်နဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေက ယူနေကြတယ်လို့ ထောက်ပြပြောဆိုသွားပါတယ်။
"စစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် လူ့အခွင့်အရေး အပေါ် ဂယက် ရိုက်ခတ်မှုတွေကို အထူးကိုယ်စားလှယ်က ဆန်းစစ်ချက် အပေါ်မှာ ကျေးဇူးတင်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့လို စစ်တပ်ပိုင် လုပ်ငန်းကြီးတွေက စစ်တပ် အတွက် သီးသန့် အသုံးစာရိတ်တွေ ပေးနေတာပါ။ စစ်တပ် ထိန်းချုပ်တဲ့ နိုင်ငံပိုင် လုပ်ငန်းကြီးတွေရဲ့ များပြားလှတဲ့ ဝင်ငွေတွေက ပွင့်လင်းမြင်သာမှု မရှိ၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံတော် အသုံးစာရိတ်ထဲမှာ မပါဘဲ သီးခြား အကောင့်တွေကို ရောက်သွားပါတယ်။ ဒီလုပ်ငန်းကြီးတွေက အကျိုးအမြတ် အတွက် ကိုယ်ကျိုး အတွက် သဘာ၀ သယံဇာတတွေကို တရားလက်လွှတ် ထုတ်ယူတာနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေကိုတော့ ဒီသယံဇာတ ပေါကြွယ်တဲ့ ဒေသက တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းတွေက ခံစားနေကြရတဲ့ အထဲမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းရမှုတွေလည်း ပါဝင်ပါတယ်။ ဒီလုပ်ငန်းကြီးတွေ အပေါ် နိုင်ငံတကာရဲ့ ပူးပေါင်း အရေးယူ ဆောင်ရွက်မှုက အရေးကြီးပါတယ်။ သဘာ၀ သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံ တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များလာတာကြောင့်လည်း စစ်တပ်က အကျိုးအမြတ်တွေ အများကြီးရနေပါတယ်။ တချိန်တည်းမှာဘဲ စစ်တပ်က တိုင်းရင်းသားတွေ နဲ့ ဘာသာရေး အရ လူနည်းစု ဖြစ်ကြရသူတွေ အပေါ်မှာ ကြီးမားတဲ့ ချိုးဖောက်မှုတွေလည်း ဆက်ရှိနေ ပါတယ်။ "
ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်စေဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ အနေနဲ့ လျှပ်စစ်မီး တိုးတက်ရရှိရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ စက်မှု အခြေခံ အဆောက်အအုံတွေ တိုးတက်ရောက်လုပ်ဖို့ လိုအပ်နေတယ်လို့လည်း လူ့ အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုပါတယ်။ ဒီလုပ်ငန်းစဉ် အတွက်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ မစ္စ လီက ပြောပေမယ့် မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ သတိထားရမယ့် အချက်တွေကိုလည်း ထောက်ပြသွားပါတယ်။
“နိုင်ငံတကာ ကုမ္ပဏီကြီးတွေရဲ့ နိုင်ငံရင်းတွေ အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းဆောင်ရွက်မှုတွေကို အပြည့်အ၀ ကြီးကြပ် ကြရပါမယ်။ လူ့အခွင့်အရေး အခြေအနေမှန်တွေနဲ့ သက်ရောက်မှုတွေနဲ့ အတူ နိုင်ငံတကာ စံနှုန်းစံထားတွေ အတိုင်း အသေအချာ အပြည့်အ၀ ဆောင်ရွက်ဖို့လည်း တိုက်တွန်း ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းတွေ အနေနဲ့လည်း စစ်တပ်ရဲ့ အကျိုးစီးပွားကို ပံ့ပိုးမပေးကြဖို့၊ ကိုယ့်အကျိုးစီးပွား တခုကိုယ်ဘဲ မကြည့်ကြဖို့လည်း ပန်ကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ မြန်မာ ပြည်သူတွေ အတွက် အကျိုးအမြတ် ရှိဖို့ကိုပဲ လုပ်ကြရပါမယ်။"
တနလာၤနေ့က တင်သွင်းတဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာထဲမှာတော့ သဘာ၀ သယံဇာတ ဝင်ငွေကို ပြည်သူတွေအတွက် ခွဲေ၀ အသုံးပြုဖို့၊ ကျောက်မျက် ဆိုင်ရာ မူဝါဒ တရပ်ချမှတ်ပြီး သယံဇာတ တူးဖော်ရာ ဒေသတွေကိုလည်း ဥပဒေနဲ့ အညီ အုပ်ချုပ်နိုင်ဖို့ တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ အရေး၊ ရခိုင် မတည်မငြိမ် ကိစ္စ၊ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးတွေကိုလည်း တင်ပြသွားပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂရုံးက မြန်မာ သံအမတ်ကြီးကတော့ အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ အစီရင်ခံစာက တဖက်သတ်ဆန်တာကြောင့် မြန်မာ အစိုးရ အနေနဲ့တော့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။