သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ ရိုဟင်ဂျာအရေး ASEAN ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေတောင်းဆို


ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃) (AP Photo)
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃) (AP Photo)

ပင်လယ်ပြင်မှာ လူကုန်ကူးသူတွေ စွန့်ပြစ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက မွတ်ဆလင် ဒုက္ခသည် ၇ ထောင်လောက် အခြေချ နေထိုင်နိုင်ရေး တိုးတက်မှုရှိစေဖို့ အာဆီယံ အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက လူကုန်ကူးသူတွေ အပေါ် ထိုင်း အာဏာပိုင်တွေ နှိမ်နှင်းခဲ့တဲ့ အတွက် လူကုန်ကူးသူတွေဟာ ငွေကြေး လက်ခံခေါ်လာသူ ထောင်နဲ့ချီကို ပင်လယ်ထဲမှာ စွန့်ပစ်ခဲ့တာပါ၊

အဲဒီထဲက အများစုဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ သူတို့ကို ကယ်တင်ခဲ့ပြီး ၁ နှစ်ကြာလာတဲ့အထိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ထိန်းသိမ်းရေး စခန်းတွေမှာပဲ ရှိနေကြဆဲဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ မလေးရှားနိုင်ငံမှာတင် ၂၅၀၀ လောက်ရှိပြီး ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက စခန်းတွေမှာလဲ ထောင်နဲ့ချီရှိနေကြပါတယ်။

ထိုင်း အစိုးရနဲ့ အာဆီယံအဖွဲ့ကြီးဆီမှာ ဒီလူကုန်ကူးခံရသူတွေပြဿနာ ဖြေရှင်းဖို့ တိကျတဲ့ မူဝါဒမရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြကြပါတယ်။

ထိုင်းနိုင်ငံကို အခု သီတင်းပါတ်ထဲမှာ သွားရောက်မဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံကို အချိန်ပေးဖို့ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ရေးကိစ္စအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်း အကြံပြုချက်တွေ ပေးနိုင်ဖို့ အရပ်ဖက် လူထုအခြေပြု အဖွဲ့တွေက မျှော်လင့် နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG