သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့တွင်း ဖျော်ဖြေရေး လုပ်ငန်းများ ကန့်သတ်ချက် မရှိသေး


ရန်ကုန်မြို့ ညမြင်ကွင်း။
ရန်ကုန်မြို့ ညမြင်ကွင်း။

ရန်ကုန်တိုင်း အတွင်းက ညဉ့်နက်သန်းခေါင်ကျော် အထိ ဖွင့်လှစ်တဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ကန့်သတ်ဖို့ ညွှန်ကြားချက် မရှိသေးတဲ့ အကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောဆိုပါတယ်။ ရန်ကုန် အစိုးရအနေနဲ့ အသေးစိတ် ညွှန်ကြားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ညဉ့်နက်ချိန်အထိ ဖွင့်လှစ် လုပ်ကိုင်နေကြတဲ့ Night Club တွေ၊ ကာရာအိုကေ စင်တင် တေးဂီတတွေ၊ အရက်ဆိုင်တွေ အပါအဝင် ဖျော်ဖြေရေး လုပ်ငန်းတွေကို ည ၁၁ နာရီမှာ ပိတ်သိမ်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက်တနေ့ မှာဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရက တရားဝင် အသေးစိတ် ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အခုလို ပြောပါတယ်။

" အရက် လိုင်စင်တွေ ဖမ်းတယ် ဆီးတယ်ဆိုတဲ့ဟာတွေလည်း ကြားနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးတဲ့အခါမှာလည်း ကျနော်တို့ အစိုးရအဖွဲ့ဘက်က ဘာမှ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒီအမိန့်တွေသည် တကယ်တမ်း ထုတ်ပြန်ရမယ်ဆို ကျနော်တို့ အစိုးရအဖွဲ့ကနေပဲ ထုတ်ပြန်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ ကနေ ဝန်ကြီးချုပ်ကနေ အစည်းအဝေး လုပ်မယ်။ လုပ်ပြီးတော့မှ ကဲ ဒီအခြေအနေကတော့ ဒို့ဘာလုပ်သင့်တယ်။ ဒါကြောင့်မို့လို့ ဒီလိုလုပ်မယ် စသဖြင့် ဒီလိုပဲ ကျနော်တို့ အချင်းချင်း ဆုံးဖြတ်ပြီးမှ ဒီအမိန့်တွေကို ထုတ်တာဖြစ်ပါတယ်။ ကျနော်တို့ အမိန့်သည် One Command တခုပဲ ရှိရပါမယ်။

တရားဥပဒေကို ကျင့်သုံးဆောင်ရွက်တာမှာ မညီမျှမှုတွေ မရှိစေရအောင် အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေ အနေနဲ့ တိုင်းဒေသကြီး အစိုးရက တရားဝင် အသေးစိတ် ညွှန်ကြားချက် အတိုင်းသာ လုပ်ဆောင်ကြဖို့လည်း ရန်ကုန်တိုင်း နယ်လုံဝန်ကြီးက အစိုးရ အဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အသေးစိတ် ညွှန်ကြားချက်တွေ ထုတ်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

"ပြည်သူများ နားလည်မှုရှိပြီး ပူးပေါင်းပါဝင်ကြခြင်းဖြင့် ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲကို ကျနော်တို့ သယ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီသယ်ဆောင်တဲ့နေရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ညွှန်ကြားချက်တွေ ရှိနိုင်ပါတယ်။ ဒီအမိန့်ညွှန်ကြားချက်တွေကို ဆောင်ရွက် အကောင်အထည်ဖော် တဲ့နေရာမှာ ကျနော် တခုပြောလိုပါတယ်။ ဥပမာ ကျနော်တို့က ကျနော်တို့ မြို့နယ်အတွင်းမှာ ရှိတဲ့ အနှိပ်ခန်းတွေ ကာရာအိုကေတွေ ဒီဥစ္စာတွေကို အရေးယူဆောင်ရွက်မယ်ဆိုရင် ကျနော်တို့က လူတွေကို ဖမ်းချင်တာမဟုတ်ပါဘူး။ ကျနော်တို့က အကြောက်တရားအောက်ထည့်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ ဒါတွေဟာ ငါတို့ မလုပ်သင့်တော့ဘူးလို့ ကျနော်တို့က စပြီး အသိပေးမှာဖြစ်ပါတယ်။ အသိပေးလို့မှ မလိုက်နာဘူးဆိုရင် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ရုံးကနေ တိတိကျကျ ကျနော်တို့ ပုံစံချပေးမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကျနော်တို့ ခြောက်မယ်၊ ဟောက်မယ်။ ပြီးရင် ပိုက်ဆံယူမယ်ဆိုတဲ့အမိန့်ဥပဒေကို ထုတ်တာ မဟုတ်ပါဘူး။ ဒီအမိန့်ဥပဒေတွေဟာ ပြည်သူလူထုက ကိုယ့်အသိတရားနဲ့ လိုက်နာဖို့ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြည်သူက ကိုယ့်အသိနဲ့ကိုယ် လိုက်နာဖို့ ကျနော်တို့ ဒီအခြေအနေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ရန်ကုန်မြို့မှာ ညပိုင်း ဖွင့်လှစ်တဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ပိတ်သိမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ဒီလုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်နေကြသူတွေ၊ လုပ်ငန်းပိုင်ရှင်တွေနဲ့ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီး နောက်တနေ့ ကြာသပတေးနေ့မှာဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းစာ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

အခု ညဉ့်နက်သန်းခေါင် ဖွင့်လှစ် လုပ်ဆောင်နေတဲ့ တချို့ ဖျော်ဖြေရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေဟာ ည ၁၁ နာရီမှာ ပိတ်သိမ်းရမယ်ဆိုတဲ့ စည်းကမ်းချက် အရင်ကတည်းက ရှိနေပြီး တချို့ကတော့ ဒီစည်းကမ်း ဥပဒေ ကန့်သတ်ချက်ကို ကျော်လွန် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ တရားဥပဒေ စိုးမိုးရေး အရေး အရေးကြီးတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ထပ်လောင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG