သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေးမြို့တွေမှာ တရုတ်နှစ်ကူး စည်ကားဖွယ်မရှိ


ရန်ကုန်မြို့ တရုတ်တန်းက ဘုံကျောင်းကိုလာရောက်ကြသူများ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄)
ရန်ကုန်မြို့ တရုတ်တန်းက ဘုံကျောင်းကိုလာရောက်ကြသူများ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ တရုတ်နှစ်သစ်ကူးရက်ကို အများပြည်သူ အလုပ်ပိတ်ရက်အနေနဲ့ ပြည်တွင်းထုတ် ပြက္ခဒိန်တွေမှာ ပထမဆုံးအနေနဲ့ ထည့်သွင်းလိုက်ပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နှစ်သစ်ကူးကာလမှာ ပြည်တွင်း၊ ပြည်ပ တရုတ်ခရီးသွားတွေ အတော်လေးနည်းသွားပါတယ်။ တရုတ်နှစ်သစ်ကူးအတွက် ပျော်ပွဲ ရွှင်ပွဲတွေလည်း လွန်ခဲ့တဲ့ နှစ်တွေကလို မရှိတော့သလောက် ဖြစ်လာတဲ့အကြောင်း မြန်မာပြည်ဖွား တရုတ်လူမျိုးတွေက VOA ကို ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာပြောပြမှာပါ။

တရုတ်နှစ်သစ်ကူးနေ့မှာ နှစ်တိုင်းလိုလို စည်ကားခဲ့တဲ့ ရန်ကုန်၊ မန္တလေး တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲတွေဟာ အာဏာသိမ်းပြီးနောက်မှာ ဆိတ်သုန်းသွားတယ်လို့ မြန်မာပြည်ဖွား တရုတ်လူမျိုး တချို့က VOA ကိုပြောပါတယ်။ စျေးဝယ်စင်တာတချို့မှာ လေဟာပြင် စျေးရောင်းပွဲတော်တွေ စီစဉ်ထားတာကလွဲလို့ တမြို့လုံး လွှမ်းခြုံနိုင်တဲ့ အခင်းအကျင်းမျိုး မရှိတော့ကြောင်း ပြောပါတယ်။ တရုတ်နှစ်ကူးမုန့်တွေကို ဖြန့်ချီနေတဲ့ လုပ်ငန်းရှင်တဦးက ရန်ကုန်မြို့မှာ တရုတ်နှစ်ကူး အစီအစဉ်တွေအတွက် ထူးထူးခြားခြား ဘာမှမကြားရသေးကြောင်း ပြောပါတယ်။

"မသိရသေးဘူး အခုအထိတော့။ ဒီနောက်ပိုင်းတော့ မလုပ်ဘူး။ ဒီအာဏာသိမ်းပြီးကတည်းက ဘာမှမရှိ၊ မီးပုံးချိတ်တာ မရှိတော့ဘူး။ ကြီးကြီးမားမား ဘာပွဲဆိုဘာမှ မလုပ်ကြတော့ဘူး။"

တရုတ်နှစ်သစ်ကူး မြွေနှစ် ပြင်ဆင်မှုများ
please wait

No media source currently available

0:00 0:04:13 0:00

အခုနှစ် ပြည်တွင်းထုတ် ပြက္ခဒိန်မှာ တရုတ်နှစ်သစ်ကူးရက်ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပြီလို့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မြန်မာတရုတ်သံရုံးက နှစ်သစ်ကူးအတွက် ပြည်တွင်းက တရုတ် အဖွဲ့အစည်းတချို့ကို ဖိတ်ကြားတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ နှစ်ကူးပွဲလုပ်မယ့်အစီအစဉ်တွေ ဖိတ်ကြားမှုတွေ မရသေးဘူးလို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းရဲ့ ရုံးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"တို့အသင်းကတော့ (ဒီနှစ်အစီအစဉ်) မရှိဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ မပြောတတ်ဘူး။ သူတို့တော့ အစီအစဉ်တွေတော့ရှိတယ်။ အကိုတို့ကျ သူတို့ဖိတ်ကြားမှ တို့ကဗမာတွေကိုး။ ဆိုတော့ တရုတ်တွေ နှစ်သစ်ကူးလုပ်မဲ့ဟာကို တို့တွေကို ဖိတ်ကြားရင်တော့ သွားဖို့ရှိတာပေါ့နော်။ အခုအချိန်အထိတော့ ဖိတ်စာ တစောင်မှ မလာသေးဘူး။ ငါတို့လည်း ဒီမှာ တခုခုဆိုရင်တော့ ဖိတ်ကြားဖို့... မနှစ်တုန်းက ဒီအချိန်ဆိုရင် ဘယ်သူတွေ တက်ရောက်မယ် ဘာညာ စာရင်းတွေဘာတွေ ပေးရတာပေါ့နော်။ အခုတော့ ဘယ်သူတွေတက်မလဲ ဘာညာ (သံရုံးက) မေးတာမရှိသေးဘူး။ ထင်တယ် ဝေးသေးလို့လားမသိဘူး။ တရုတ်တွေကတော့ တရုတ်နှစ်ကူး မလုပ်တာတော့မရှိဘူး၊ တို့ဗမာ သင်္ကြန်လိုပေါ့ မဖြစ်ဖြစ်အောင် လုပ်ကြသလို သူတို့လည်း လုပ်ကြမှာ။"

တရုတ်နှစ်ကူး၊ ခရစ်စမတ်အပါအဝင် မြန်မာပြည်တွင်းက အထိမ်းအမှတ်ပွဲမှန်သမျှ အာဏာသိမ်းပြီးကတည်းက စည်စည်ကားကား မရှိတော့ကြောင်း အများစုက ပြောကြပါတယ်။ စစ်ပွဲနဲ့ လူကုန်ကူးမှုစတဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် နိုင်ငံခြားခရီးသွားလည်း အတော်လေး နည်းသွားခဲ့ပါတယ်။

ဒီရက်ပိုင်းထဲမှာ ထိုင်းကတဆင့် မြန်မာနယ်စပ် ကရင်ပြည်နယ်ကို ရောက်လာတဲ့ တရုတ်နိုင်ငံသား တချို့ ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရတဲ့ သတင်းတွေကြောင့်လည်း နှစ်သစ်ကူးကာလ မြန်မာနဲ့ ထိုင်းနိုင်ငံကို သွားဖို့ တရုတ်နိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။ ပုံမှန်အားဖြင့် တရုတ်လူမျိုးတွေ အလည်အပတ်များတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်ခရီးသွား မနှစ်ကထက် ၂၀ ရာခိုင်နှုန်းအထိ ကျသွားနိုင်တယ်လို့ ထိုင်းသတင်းတွေက ခန့်မှန်းရေးသားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG