သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်း အသေးစားပေါက်ကွဲမှုတချို့ရှိ၊ လုံခြုံရေးတင်းကျပ်


လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့(ယခင်ပုံဟောင်း)
လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့(ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

လုံခြုံရေး တင်းကျပ်ထားတဲ့ကြားကပဲ ရန်ကုန်တိုင်းထဲက လှိုင်သာယာ တပ်မတော်အထည်ချုပ်စက်ရုံနားအပါအဝင် နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေ ဆက်ပြီးရှိနေပါတယ်။ ဒီပေါက်ကွဲမှုနဲ့ နီးစပ်တဲ့ နေရာတဝိုက်မှာ နေထိုင်၊ သွားလာနေတဲ့သူတွေကို စစ်ကောင်ဆီဘက်က စစ်ဆေး၊ မေးမြန်းနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲမှာ လုံခြုံရေးအရဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက နေ့တိုင်းဧည့်စာရင်း လိုက်လံစစ်ဆေးနေသလို ကျူးကျော်ဆိုင်ခန်းတွေ၊ အိမ်ရာတွေကိုလည်း ဆက်ပြီးရှင်းလင်းနေပါတယ်။ ဒီလိုလုံခြုံရေးကို တိုးမြှင့်ထားတဲ့ကြားကပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား တပ်စွဲထားတဲ့ လှိုင်သာယာ တပ်မတော်အထည်ချုပ်စက်ရုံနားမှာ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း အဲဒီစက်ရုံနားမှာ နေထိုင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အသေအပျောက်တော့ ကျနော်တော့ မကြားဘူး၊ အဲဒီမှာ ၃ လုံးပေါက်တယ်။ ခြောက်ပြီးတော့ လုပ်တဲ့သဘောပဲ။ အဲဒီစက်ရုံပတ်ပတ်လည် လမ်းတွေက လုံးဝသွားလို့မရဘူး၊ ကပ်တုံးတွေနဲ့ လုံးဝပိတ်ထားတာ။ ဖြတ်သွားဖြတ်လာတောင် လုံးဝခွင့်မပြုဘူး။ သူတို့ (လက်နက်ကိုင်အဖွဲ့တချို့) ဗုံးခွဲတယ်ဆိုလည်း အဝေးမှာ၊ အထိအခိုက်ရှိမှာမဟုတ်ဘူး၊ အနားကပ်လို့မှမရတာ။ ညကလှိုင်သာယာထဲမှာ သုံးနေရာကို ဗုံး ၆ လုံးပေါက်တာပေါ့။”

လှိုင်သာယာမြို့နယ်ကို စစ်ကောင်စီတပ်တွေ အလုံးအရင်းလိုက်ဝင်လာတဲ့ မတ်လ ၁၄ ရက်နောက်ပိုင်းကစလို့ ဒီတပ်မတော်အထည်ချုပ်မှာပဲ အဓိက တပ်စွဲထားကြောင်း သူကပြောပြပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ထဲမှာလည်း တမံဦးယာဉ် စစ်ဆေးရေးဂိတ်မှာလည်း ဒီနေ့ နိုဝင်ဘာ ၂၃ ရက်မနက် ၈ နာရီလောက်က ပေါက်ကွဲခဲ့တယ်လို့ အနားက ဒေသခံတချို့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖြတ်သွားဖြတ်လာသူတွေကို မေးမြန်းစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

“အဲဒီမှာဖောက်ခွဲတော့ ဒီကနေသွားတဲ့ ကယ်ရီသမားတွေရှိတယ်လေ၊ ကယ်ရီသမားတွေ ဒီနေ့အလုပ်မလုပ်ရဘူးပေါ့။ ချိန်ကိုက်ဗုံး ပေါက်တယ်ဆိုတော့ အဲဒီဘက်ကို သူတို့မသွားရဘူး ပြန်လှည့်ပြီး ပြေးလာရတာပေါ့။ တချို့ကျောက်တန်းဈေးမှာ သွားရောင်းတဲ့သူတွေလည်း အဲဒီဘက်ကို မသွားရဘူး။ ကယ်ရီသမားတွေကိုစစ်တယ်၊ ပြီးရင်လိုင်းကားတွေကို ကိုယ်ပိုင်ကားတွေကိုလည်း စစ်တယ်။ ကိုယ်ပိုင်ကားတွေ အထဲထဲမှာ ယောကျ်ားလေး ၂ယောက်ထက် ပိုပါလာလို့ရှိရင်လည်း သူတို့တွေက တောင်းတာတွေ ပြုတာတွေနဲ့ အဲလိုမျိုးတွေရှိတယ်ပေါ့။”

ဒီနေ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း မြိတ်ခရိုင်နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွေမှာ ပေါက်ကွဲမှုရှိတယ်လို့ လူမှုကွန်ရက်သတင်းတွေမှာ ရေးသားဖော်ပြကြပေမဲ့ ဗွီအိုအေကတော့ သီးခြားအတည်ပြုလို့မရပါဘူး။ မနေ့ညက လှိုင်သာယာ တပ်မတော်အထည်ချုပ်စက်ရုံနား ပေါက် ကွဲမှုအပါအဝင် ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီအခေါ် အကြမ်းဖက်အဖွဲ့အစည်း NUG ရဲ့ စေခိုင်းချက်အရ ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သူ အယောက် ၅၀ ကို လက်နက်နဲ့တကွ ဖမ်းဆီးမိထားတယ်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်



-=========

{{Unicode}}










#MyanmarViolence #YangonSecurity #VOABurmese


-=========

XS
SM
MD
LG