သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်းတွင်း နိုင်ငံခြားအရက်ရောင်းချမှု ကန့်သတ်ပိတ်ပင်


အရက်ရောင်းသည့် ဆိုင်တဆိုင် ( အင်ဒီယားနားပြည်နယ်-၂၀၁၅)
အရက်ရောင်းသည့် ဆိုင်တဆိုင် ( အင်ဒီယားနားပြည်နယ်-၂၀၁၅)

ဝေဖန်မှုတွေရှိနေပေမယ့်လို့ နိုင်ငံခြားအရက်တရားမဝင်ရောင်းချမှုတွေပိတ်ပင်ဖို့ညွှန်ကြားချက်ကိုရန်ကုန်တိုင်းအစိုးရအနေနဲ့ဆက်လုပ်သွားမယ်လို့စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ အခုလိုပိတ်ပင်မှုကြောင့်ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာထိခိုက်နိုင်သလို၊ ပြည်တွင်းကအရည်အသွေးမမီတဲ့အရက်တွေကိုပဲ သောက်သုံးရင်အန္တရာယ်ပိုများတယ်လို့ ဝေဖန်မှုတွေစိုးရိမ်မှုတွေရှိနေကြတာပါ။ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်းသတင်းထောက်ကိုဇော်ထက်သတင်းပေးပို့ထားပါတယ်။

ပြည်ပကတင်သွင်းလာတဲ့အရက်တွေဆိုင်တွေမှာရောင်းချခွင့်ကိုစီးပွာရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအရင်ကတည်းကပိတ်ပင်ထားတာဖြစ်ပြီးဒီအမိန့်ကိုတင်းကြပ်ဖို့ရန်ကုန်တိုင်းအစိုးရက ရောင်းချသူတွေကိုသတိပေးညွှန်ကြားချက်လုပ်ခဲ့တာပါ။ အစိုးရအနေနဲ့အခုရောင်းချတဲ့သူတွေကိုထပ်မံသတိပေးလိုက်တာဟာအခြေခံအချက်သုံးခုပေါ်မူတည်းပြီးဆုံးဖြတ်တာဖြစ်တယ်လို့စားသုံးသူရေးရာဦးစီးဌာနညွှန်ကြာရေးမှူးဦးမြင့်ချိုက ပြောပါတယ်။

“ကျွန်တော်တို့ကအဓိကအကြောင်းသုံးရပ်ရှိပါတယ်နော်။ နိုင်ငံတော်ကတင်သွင်းခွင့်မပြုထားတဲ့အရက်တွေဈေးကွက်မှာ ပြန့်နေခြင်းအားဖြင့်အဓိကထိခိုက်တာစားသုံးသူပေါ့စားသုံးသူအနေနဲ့ နိုင်ငံတော်ကတရားဝင်တင်သွင်းမထားတဲ့အပေါ်မှာကုန်ပစ္စည်းအစစ်အမှန်ဆိုတာကိုကျွန်တော်တို့ နိုင်ငံတော်ကလည်းတင်သွင်းခွင့်မပြုတဲ့အတွက်မစစ်နိုင်ဘူး၊ နော်ကျန်တဲ့အစားအသောက်တွေသွင်းရင်FDAတို့ကအသေးစိတ်စစ်တယ်စစ်ပြီးမှ ဖြန့်ချီခွင့်ပြုတယ်ဈေးကွက်ကို။အရက်ကျတင်သွင်းခွင့်လိုင်စင်မပါဘဲသွင်းနေတဲ့အတွက်သူတို့(FDA)ကိုလည်းကျော်သွားတယ်။အဓိကထိခိုက်တာကတော့ သောက်တဲ့သူတွေအတွက်ကျန်းမာရေးအာမခံချက်မရှိဘူး၊ဒုတိယအချက်ကတော့ နိုင်ငံတော်အခွန်ဘဏဏ္ဍာမရဘူး၊တတိယအချက်ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပြည်တွင်းမှာယမကာထုတ်လုပ်တဲ့သူတွေဈေးကွက်ကိုအတုကအောက်ဈေးနဲ့ဝင်လုနေတဲ့အတွက် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုမရှိဘူးပေါ့။ဒီသုံးချက်အရကျွန်တော်တို့လုပ်တာပါပဲ။”

ပြည်တွင်းမှာထုတ်လုပ်တဲ့အရက်တွေဟာအရည်အသွေးမမီတာမို့ဒါတွေကိုပဲမှီခိုသုံးစွဲကြရင်အန္တရာယ်ပိုကြီးတယ်လို့ ဝေဖန်မှုတွေလည်းရှိပါတယ်။ဒါ့အပြင်အခု နိုင်ငံခြားအရက်ရောင်းချခွင့်အပေါ်ပိုမို တင်းကြပ်တဲ့ညွှန်ကြားချက်နဲ့ အရေးယူမှုတွေဖြစ်လာရင်ဟိုတယ်လုပ်ငန်းနဲ့ခရီးသွားလုပ်ငန်းကိုပါထိခိုက်လာနိုင်တယ်လို့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

ပြည်တွင်းနာမည်ကြီးအရက်တချို့ကအရက်ထုတ်လုပ်ရေးမှာတစ်လကိုယူရီးယားဓာတ်မြေသြဇာကိုကျပ်ဆယ်သိန်းဖိုးလောက်သုံးကြသလိုအင်ဒရင်းပိုးသတ်ဆေးကိုလည်းအသုံးပြုတာများပါတယ်။ ဒါကြောင့်ပြည်ပအရက်တွေ ရောင်းချတာကိုတင်းတင်းကျပ်ကျပ် ပြန်ပြီးလုပ်မယ်ဆိုတဲ့အပေါ် ဝေဖန်မှုတွေ၊စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။

နိုင်ငံခြားတင်သွင်းအရက်တွေကို ပြန်ပြီးတင်းကျပ်ပေမဲ့အရည်အသွေးနိမ့်တဲ့ပြည်တွင်းအရက်တွေနဲ့တရားမဝင်အရက်တွေကတော့အရင်အတိုင်းရှိနေနိုင်တယ်လို့စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌဦးဘအုပ်ခိုင်ကပြောပါတယ်။

“အခုဒီအရက်တွေပိတ်လိုက်တာသည်ဒီ်လိုအခြေအနေအချိန်အခါမှာပိတ်တာတော့ပိတ်သင့်တယ်။ဒါပြည်ပကတင်သွင်းတဲ့အရက်၊ဘာဖြစ်လို့လဲဆိုတော့မတင်သွင်းလည်းဘာမှမဖြစ်ဘူး။ ဒေါ်လာဈေးကတက်နေတယ်၊ပို့ကုန်နဲ့သွင်းကုန်မညီမမျှဖြစ်နေတဲ့အချိန်မှာမလိုအပ်တဲ့သွင်းကုန်တွေကိုဆရာတို့ကပိတ်သိမ်းသင့်တယ်ပေါ့။ ပြည်ပကအရက်တွေမပိတ်လည်းဆရာတို့နိုင်ငံကတော့ပုံမှန်ဒီအရက်တုတွေ၊တရားမဝင်အရက်တွေပုံမှန်ထွက်နေမှာပဲ။တစ်ခုတော့ရှိတာပေါ့သူတို့ကတော့ပိုပြီးရောင်းအားကောင်းချင်လည်း ကောင်းလာမှာပေါ့။ဒီလိုမျိုးအကျိုးအမြတ်တော့ရှိမှာပေါ့နော်။”

ရောင်းချတဲ့ဆိုင်တွေကိုစက်တင်ဘာလကုန်ကတည်းက ခေါ်ယူသတိပေးထားတာဖြစ်ပြီးဆက်လုပ်မယ့်အခြေအနေအသေးစိတ်ကိုရန်ကုန်တိုင်းအစိုးရကိုတင်ပြထားတယ်လို့စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။ နိုင်ငံခြားအရက်ရောင်းချခွင့်တင်းကျပ်တဲ့ ညွှန်ကြားချက်ကို လတ်တလောမှာ ရန်ကုန်တိုင်းအစိုးရကပဲ ထုတ်ပြန်ထားသေးတာပါ။ တာဝန်ရှိသူတွေခေါ်ယူအသိပေးပြီးနောက်ပိုင်း ဆိုင်ရှင်တွေက သူတို့ရဲ့နိုင်ငံခြားအရက်တွေကိုဖယ်ရှားခဲ့ပေမဲ့ မှောင်ခိုရောင်းဝယ်မှုတွေရှိလာနေတယ်လို့ စားသောက်ကုန်လုပ်ငန်းရှင်တချို့က ပြောပါတယ်

XS
SM
MD
LG