သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာမသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်းတွေ့


ရန်ကုန်မှာမသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်းတွေ့
ရန်ကုန်မှာမသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်းတွေ့

ဒီကနေ့ ရန်ကုန်မြို့လယ် လူစည်ကားရာ ဆူးလေဘုရားအနီး ဘတ်စ်ကားမှတ်တိုင် တခုမှာ မသင်္ကာဖွယ်ရာ အထုပ်တခုထဲကနေ မီးခိုးတွေ ထွက်လာပြီး ပေါက်ကွဲမှု ဖြစ်မှာကို စိုးရိမ်ရတဲ့အတွက် ရဲတွေက သိမ်းဆည်းသွားပါတယ်။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ထဲက မြို့တော်ခန်းမအနီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ကြောင့် လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့တော်ခန်းမအနား ဆူးလေဘုရားလမ်းမကြီးပေါ်က လူစည်ကားတဲ့ ဘတ်စ်ကားမှတ်တိုင် အနားက သစ်ပင်အောက်မှာ နေ့လယ် ၁ နာရီလောက်က ဗုံးပါတယ်လို့ ယူဆရတဲ့ အိတ်တလုံး တွေ့ခဲ့တာပါ။ သိပ်မပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ အိတ်ထဲကနေ မီးခိုးတွေ ထွက်လာတာမို့ အနားကလူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအိတ်ကို မကြာခင်မှာပဲ ကျောက်တံတား ရဲစခန်းက တာဝန်ရှိသူတွေ လာသိမ်းသွားတယ်လို့ အဲဒီ ဘတ်စ်ကားမှတ်တိုင် အနားမှာ ရှိနေတဲ့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

“ကပ်စတယ်လ် အင်တာနက် ကဖေးဆိုင်ရှေ့မှာ၊ လမ်းလယ်ကျွန်းက ရေတမာပင်အောက်မှာ၊ ၄၃ ကားမှတ်တိုင်၊ ၁၂၅ တို့ ဘာတို့ အဲဒီလို အစုံရှိတဲ့နေရာပေါ့။ လူစုံတဲ့ နေရာပေါ့၊ အသံတော့ အကျယ်ကြီး မပေါက်လိုက်ဘူး။ ပုံမှန် နည်းနည်းလောက်ပဲ ပေါက်သွားတယ်။ မီးခြစ်ပေါက်တဲ့ ပုံစံမျိုးလိုပေါ့၊ အဲဒီလောက်လေးပဲ အသံက ထွက်သွားတယ်။ နောက် အငွေ့လေးတွေ ထွက်လာတော့ ဘေးကလူတွေကလည်း ရှောင်လိုက်ကြတာပေ့ါ။”

ဖြစ်ဖြစ်ချင်း အနားမှာ သံဆူးကြိုးတွေချပြီး လမ်းခဏပိတ်ခဲ့ပေမဲ့ အခုညနေတော့ ပုံမှန်အတိုင်း သွားလာနေပြီ ဖြစ်ပါတယ်။

“ဖြစ်ဖြစ်ချင်းတော့ ရဲတွေရော တော်တော် ရှုပ်သွားတယ်။ လောလောဆယ်တော့ ဖယ်လိုက်ပါပြီခင်ဗျ။ ပေါက်ကွဲပြီး ထွက်လာတဲ့ အရင်လူတွေကတော့ အခုချိန်ထိ ရှိပါသေးတယ်။ လူတွေကတော့ ပုံမှန် သွားနေကြပါပြီ။ အဲဒီ နေရာလေးမှာပဲ တဲလေးတွေ ထိုးပြီးတော့ တချို့တော့ ကျန်သေးတယ်၊ သန့်ရှင်းရေးတွေလည်း လုပ်ထားပါတယ်။”

အခင်းဖြစ်ခဲ့တဲ့ နေရာအနီးက မျက်မြင်သက်သေတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ မြန်မာပိုင်းက တာဝန်ခံ နယ်မြေ ကျောက်တံတား ရဲစခန်းကို ဖုန်းဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ ပန်းဘဲတန်း ရဲစခန်းက တာဝန်ရှိ ဒု-ရဲအုပ်တဦးကတော့ မီးခိုးတွေ ထွက်နေပြီး အထဲမှာ ဗုံးပါတယ်လို့ ထင်ရတဲ့ အိတ်တလုံးကို သိမ်းဆည်းထားတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီအခြေအနေတွေကြောင့် ရန်ကုန်မှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။

“ဆူးလေဘုရားနဲ့ မြို့တော်ခန်းမကြားက ပလက်ဖောင်းပေါ်ကလို့ ပြောတယ်။ ပေါက်ကွဲမသွားဘူး။ တနာရီလောက်ကလို့ ပြောတယ်။ ဗုံးဆိုပြီးတော့ ပြောနေကြတာပဲ။ သူတို့က တပ်တာ ပြုတာတွေ မမှန်တဲ့အတွက်ကြောင့် ဗုံးက ထမကွဲဘဲနဲ့ မီးတောက်လေးတွေ ထလောင်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း သေချာမသိဘူး၊ ကျောက်တံတား မေးကြည့်မှ သိမှာ။ ဗုံးနဲ့တူတဲ့ ပုံစံမျိုးလို့တော့ ပြောတာပဲ။ တွေ့တယ်ဆိုပြီး ပြောလို့သာ ကျနော်တို့ ဒီမှာ လုံခြုံရေးတွေ အပြည့်ချနေတာ။”

ပန်းဘဲတန်း ရဲစခန်းက တာဝန်ရှိသူတဦး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တခါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်တုန်းကလည်း အင်းစိန်မြို့ ကမ်းနားအလယ်မှာရှိတဲ့ အောင်ဇေယျတံတား အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ မနှစ် ဧပြီလ သင်္ကြန်တွင်းတုန်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်က X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အခု သင်္ကြန်ကာလ မရောက်ခင် ရန်ကုန်မြို့ အတွင်းမှာ လုံခြုံရေးတွေ တင်းကျပ်တာ၊ တိုးမြှင့် စောင့်ကြည့်တာတွေလည်း ရှိနေတာပါ။

နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေရဲ့ ရေကစား မဏ္ဍပ်ကြီးတွေမှာ လုံခြုံရေးဝန်ထမ်းတွေ ထားရှိဖို့နဲ့ CCTV စောင့်ကြည့်ကင်မရာတွေ တပ်ရဖို့ အပါအဝင် အရေးပေါ် မိုင်းရှာကိရိယာတွေ ရှိပါမှ သင်္ကြန်မဏ္ဍပ်တွေ ဆောက်ခွင့်ပေးမယ်လို့ သက်ဆိုင်ရာ လုံခြုံရေး ဌာနတွေကလည်း စာထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG