သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်မှုတွေရှိနေတဲ့ ရန်ကုန်အငှားအိမ်ယာစီမံကိန်း


ရန်ကုန်တိုင်းအတွင်း အငှားအိမ်ယာ စီမံကိန်းတချို့ကို တိုင်းဒေသကြီးအစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေတာမှာ ဒေသခံတွေကြား စိုးရိမ်မှုတွေနဲ့ ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့ကို ချဲ့ထွင်ဖို့ကြိုးစားနေတဲ့ တိုင်းအစိုးရရဲ့ ရည်ရွယ်ချက်ထဲမှာ အရင်အငှားအိမ်ယာဟောင်းတွေကို ဖြိုချပြီး အထပ်မြင့် ကွန်ဒိုတိုက်ခန်းတွေနဲ့ အစားထိုးပေးဖို့ စီစဉ်ဆောင်ရွက်နေတာပါ။ ဒီအခြေအနေနဲ့ပတ်သတ်ပြီး တိုင်းအစိုးရနဲ့ ဒေသခံတွေရဲ့ အသံကို ရန်ကုန်ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က စုစည်း တင်ပြပေးထားပါတယ်။

နှစ်ကြာနေတဲ့ အစိုးရအငှားအိမ်ရာတွေနေရာမှာ အထပ်မြင့်ကွန်ဒိုတွေနဲ့ပြန်အစားထိုးပေးဖို့ ရန်ကုန်တိုင်းအစိုးရကဆောင်ရွက်နေတဲ့အချိန်မှာပဲ ဒီစီမံကိန်းတွေနဲ့ ပတ်သတ်ပြီး လက်ရှိအငှားအိမ်ရာတွေမှာနေနေတဲ့ သူတွေရဲ့ စိုးရိမ်မှုတွေကလည်း ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ မြို့သစ်စီမံကိန်းတွေ၊ မြို့တိုးချဲ့စီမံကိန်းတွေအတွက် ရည်ရွယ်လုပ်ဆောင်နေတာပါ။ ပုစွန်တောင် ညောင်တန်းရပ်ကွက်က ပြည်တော်သစ် အိမ်ရာနဲ့ လမ်းသစ်ရိပ်သာစီမံကိန်းကို အကောင်အထည်ဖော်နေပြီး ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း၁၂လုံးတန်း၊ ဝေဠုဝန်ရပ်ကွက်နဲ့ ကြို့ကုန်း အိမ်ရာ စတဲ့အစိုးရ အငှားအိမ်ရာတွေကလည်း ၁၉၅၂ ခုနှစ်ကစတွက်မယ်ဆိုရင် နှစ် ၇၀လောက်ရှိနေလို့ ပြန်တည်ဆောက်ဖို့ လိုနေကြောင်း ရန်ကုန်တိုင်း လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီ ၁၀ရက်က ရန်ကင်းဒေသခံတွေနဲ့ တွေ့တုန်းမှာအခုလိုပြောသွားတာပါ။

“အခုဟာက ပုဂ္ဂလိက,က လုပ်တာလည်းမဟုတ်ဘူး ကျမတို့နိုင်ငံတော်အစိုးရက ဦးစီးပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ နိုင်ငံတော်မှာ အမြဲတမ်း တိုးတက်မှုဆိုတာဖြစ်ထွန်းပြီး ပြောင်းလဲနေမှ။ အခုကတိုက်တွေအိုနေပြီရှင့် နှစ်၅၀အထက်တောင်မနေဘူး၊ တချို့ဆိုရင် နှစ်၃၀အထက်ပြည့်ပြီဆိုရင် အိုဟောင်းကုန်ပြီ။ အဲဒီလို အချိန်မျိုးမှာ ပြုပြင်ဖို့မွမ်းမံဖို့လိုလာရင်တော့ ဒါအစိုးရတာဝန်ရှိတယ်၊ တကယ်တမ်း redevelop ပြန်လုပ်ဖို့ဆိုရင်တော့ မလုပ်ချင်ဘူးဆိုရင်တော့ ကျမတို့က တော်တော်လေးစဉ်းစားဖို့လိုပါတယ်။ ကျမတို့ အခြေခံစဉ်းစားရမယ့်ကိစ္စသည် ဒီအိမ်ရာတွေသည် အငှားအိမ်ရာဖြစ်ပါတယ်ဆိုတဲ့ အချက်ပေါ်မှာ အခြေခံ စဉ်းစားရမှာ ဖြစ်ပါတယ်။”

အငှားအိမ်ရာဟောင်းတွေဖြိုချပြီး အသစ်ပြန်ဆောက်နေတုန်းမှာ လက်ရှိနေနေတဲ့သူတွေက ခဏဖယ်ပေးရမှာဖြစ်ပြီး ဆောက်ပြီးသွားရင်တော့ မဲစနစ်နဲ့ ပြန်ချပေးမှာလို့ ရန်ကုန်တိုင်းအစိုးရကပြောပါတယ်။ စီမံကိန်းကာလအတွင်း ပြောင်းရွှေ့နေထိုင်တဲ့ ကုန်ကျစရိတ်ကို အစိုးရကကျခံပေးမယ်လို့ဆိုပါတယ်။ အစိုးရလက်ရှိ အကောင်အထည်ဖော်နေတဲ့ လမ်းသစ်အငှားအိမ်ရာစီမံကိန်းအတွက် တိုက်ဟောင်းမှာနေတဲ့သူတွေကို ပြောင်းရွှေ့ကုန်ကျစရိတ်တစ်လ ၃သိန်းနဲ့ သုံးနှစ်စာခွဲတမ်းနဲ့ပေးထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ငွေထုတ်ယူတဲ့နေရာမှာ အဆင်မပြေတာတွေရှိခဲ့တယ်လို့ လမ်းသစ်ရိပ်သာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ကြားထဲမှာ ကြန့်ကြာနေတယ် ပြီးတော့ ပြဿနာက ဘာဖြစ်လဲဆိုတော့ သူက ချက်လက်မှတ်ပေးတာ။ ယူနိုက်တက်အမရဘဏ်ကနေ ချက်လက်မှတ် ပေးတဲ့အခါကျတော့ ကျန်ခဲ့တဲ့အခေါက်မှာ ဖြစ်သွားတာက အဲဒီချက်(cheque)ပေးတဲ့ ဘဏ်အကောင့်ထဲမှာ ငွေမရှိဘူး။ ငွေမရှိတော့ အစ်ကိုတို့ကို ဘဏ်ကငွေထုတ်မပေးဘူး။ အဲဒီတော့တချို့က ဒီအိုးအိမ်ဦးစီးဌာနကိုပြန်လာပြီးတော့ complain တက်တယ်။ အဲဒါနဲ့ တနင်္လာနေ့မှာသွားပါ ဘာညာဆိုတော့ ကြားရက်တွေမှာ အဆင်ပြေသွားကြတယ်။ အဲဒီလိုထောက်နေတာတွေအများကြီးပဲပေါ့။”

မြို့တိုးချဲ့တဲ့စီမံကိန်းတွေ၊ အငှားအိမ်ယာစီမံကိန်းတွေက ကျပ်ငွေဘီလီယံချီကုန်မှာမို့ ရန်ကုန်တိုင်းအစိုးရဘက်ဂျက်တခုတည်းနဲ့မရဘဲ ပြည်ပရင်းနှီးမြှုပ်နှံမှု နဲ့လုပ်သွားဖို့ရှိနေတာပါ။ အသစ်ပြန်ရမယ့် အထပ်မြင့်အငှားအိမ်ယာ ကွန်ဒိုတွေနဲ့ပတ်သတ်ပြီး လက်ရှိနေထိုင်နေတဲ့သူတွေကို အသေးစိတ်ရှင်းလင်းပြပြီးမှ စီမံကိန်းတွေကိုအကောင်အထည်ဖော်သင့်တယ်လို့ လို့ အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်သိန်းဖေ က ပြောပါတယ်။

“ဒီအဆောက်အဦကိုဖျက်လိုက်ရင် ဘယ်လောက်ကြာမယ်ဆိုတာမပါဘူး။ ဘယ်နေရာ ရောက်သွားမယ်ဆိုတာမပါဘူး။ အဆောက်အဦတွေ ဆောက်လိုက် တဲ့အခါမှာ အကျယ်အဝန်းဘယ်လောက် square feet ဘယ်လောက်ဆိုတာမပါဘူး။ မေးတဲ့အခါကျတော့ စင်္ကာပူကတော့ ဘယ်လိုဖြစ်ပါတယ် မလေးရှား ကတော့ဘယ်လိုဖြစ်ပါတယ်၊ ထိုင်းမှာတော့ဘယ်လိုဖြစ်ပါတယ်၊ ဒါတွေပဲပြောပြသွားတယ်။ အဲဒီတော့ ဘယ်လိုစနစ်နဲ့ချထားမှာလဲပေါ့။ မဲချပြီးတော့ လုပ်မယ်ဆိုရင် ဒီရပ်ကွက်ကလူကတခြားနေရာရောက်သွားမယ်၊ တခြားနေရာကသူတွေက ဒီရောက်မယ်ဆိုရင် ပြန်ပြီးတော့ အသစ်တွေပေါင်းရ၊ အသစ် တွေနဲ့ တွေ့ရဆိုတဲ့အခါမှာလည်း ပြဿနာလေးတွေရှိနိုင်တာပေါ့။ အဲဒါတွေလည်း တခုမှထည့်ပြီး သူတို့စဉ်းစားထားတာမရှိဘူး။ နိုင်ငံခြားမှာကျတော့ တကယ်တမ်းကျတော့ အိမ်ရှိလူဦးရေနဲ့ square feet ကိုတွက်ပြီးပေးတာလေ။ ဒီမှာက လူဆယ်ယောက်ရှိရှိ၊ လူငါးယောက်ရှိရှိ၊ တယောက်တည်းပဲရှိရှိ ဒီ square feet ပဲ ပေးတော့မှာဆိုတော့ လူတွေကတော်တော်လေး စိတ်ပူကြတာပေါ့။”

ရန်ကုန်တိုင်းရဲ့ လူဦးရေများတဲ့နေရာတွေမှာ ထပ်တိုးအငှားအိမ်ယာတွေကို တိုင်းအစိုးရအစီအစဉ်နဲ့လုပ်သွားဖို့လည်းရှိ နေပါတယ်။ အငှားအိမ်ရာ ဟောင်းမှာနေတဲ့သူတွေက အခုအချိန်ထိ အိမ်ခန်းငှားခကို ငါးထောင်ဝန်းကျင်လောက်ပဲ အစိုးရကိုသွင်းရလို့ အိမ်ယာသစ်ကွန်ဒိုတွေဆောက်ပြီးသွားရင် တစ်စတုရန်းပေမှာ ၂၅ ကျပ်နှုန်းပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ တိုက်ခန်းပြင်ဆင်စရိတ်အတွက် အိမ်ရာကော်မတီကို ပုံမှန်ပေးရမယ့်လခလည်း ရှိနိုင်ပြီး ဒါဟာတိုက်ခန်းတစ်ခန်းကို ကျပ်သုံးသောင်းဝန်းကျင်လောက်ပဲကျမှာဖြစ်လို့ သင့်တော်တဲ့နှုန်းတားဖြစ်တဲ့အတွက် အစိုးရကတိပေးတဲ့အတိုင်းသာ ဖြစ်မယ်ဆိုရင်တော့ ကြိုဆိုတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG