သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ခရစ္စမတ် စည်ကား


စိန့်မယ်ရီဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းနေကြစဉ်။
စိန့်မယ်ရီဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းနေကြစဉ်။
ဒီကနေ့ ခရစ္စမတ်နေ့မှာ ရန်ကုန်မြို့က ခရစ်ယာန်အသင်းတော်တွေနဲ့ ဘုရားရှိခိုးကျောင်းတိုင်းမှာ ဝတ်ပြုဆုတောင်းကြတာတွေ၊ အမှတ်တရ လက်ဆောင်ပေးကြတာတွေ၊ တရားဒေသနာ ဟောကြားတာတွေကို စည်စည်ကားကား လုပ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်ကလျာဏယုဝအသင်း (YMCA) ရဲ့ အထွေထွေ အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။

ခရစ္စမတ်ပွဲတော်ကို လူမျိုး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲကြတာဟာ မတူကွဲပြားတဲ့ ဘာသာတွေအကြား အတားအဆီးမရှိဘူးဆိုတာကို ပြလိုက်တာနဲ့ တူတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာနေထိုင်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ခရစ္စမတ်ပွဲတော်တွေအဖြစ် ဘုရားကျောင်းမှာ ဆုတောင်းပွဲတွေကျင်းပ၊ နောက် မိသားစုတွေ၊ မိတ်ဆွေတွေ စုံစည်းကြပြီး ပျော်ပွဲရွှင်ပွဲ ပါတီပွဲတွေ ဆင်နွှဲကြတာပါ။

ရန်ကုန်ကို အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့အခြေချ နေထိုင်ကြတဲ့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားတွေဟာလည်း ဒီကနေ့မှာပဲ ရန်ကုန်က ဘုရားရှိခိုးကျောင်းတွေတိုင်းမှာ အထူးတရားဒေသနာ ဟောကြားမှုတွေ
ပြုလုပ်ပြီးတော့ အသင်းတော်တွေမှာ ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကား ကျင်းပကြတယ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်ကလျာဏယုဝအသင်း (YMCA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသာဉာဏ် က ဗွီအိုအေ ကိုပြောပါတယ်။

“အသင်းတော်တိုင်းမှာ ကနေ့ကတော့ ဘုရားမွေးဖွားသန့်စင်သော နှစ်ပေါင်း ၂ ထောင်လောက်ကပေါ့နော် ဘုရားမွေးဖွား သန့်စင်တဲ့နေ့ ဖြစ်တဲ့အတွက် အထူးတရားဓမ္မ ဟောကြားပါတယ်။ တရားဒေသနာများ ဟောကြားတယ်။
နောက် အသင်းသူ၊ အသင်းသားများ အချင်းချင်းလည်း လက်ဆောင်ပေးကြတယ်။ အသင်းတော်တွေကလည်း လက်ဆောင်ပေးပါတယ်။ အနီးပတ်ဝန်းကျင်မှာ ရှိပြီးတော့ တခြားဘာသာဝင်များကိုလည်း ဖိတ်ကြားပြီးတော့ ဓမ္မဝတ်ပြုပါတယ်။ လက်ဆောင်ပေးတယ်၊ ကြိုဆိုနှုတ်ခွန်းဆက်တယ်။”

အရင်က မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရန်ကုန်မှာဆိုရင် လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘုရားကျောင်းတွေ၊ အသင်းတော်တွေကလည်း သူ့တိုင်းရင်းသားအလိုက် အများအပြား ရှိနေတာပါ။

ဒီနေ့ ခရစ္စမတ်နေ့မှာ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ လူသားတွေ ငြိမ်းချမ်းရေး ရဖို့ဆိုတဲ့ တရားဒေသနာတော်တွေကို ဟောကြားပြီးတော့ လူသားချင်းစာနာဖို့ ခရစ်တော်ကြွလာချိန်မှာ ဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ကမ္ဘာကြီးအတွက် အရေးကြီးတယ်ဆိုတာ ရည်ရွယ်ပြီးတော့ ဆုတောင်းခဲ့တယ်လို့ ဦးသာဉာဏ်က ပြောပါတယ်။
ဒီနှစ် ခရစ္စမတ်ကာလမှာဆိုရင်တော့ ခရစ္စမတ်နေ့ကို ခရစ်ယာန်ဘာသာဝင်တွေကပဲ ဆင်နွှဲတာမဟုတ်ဘဲ အခြားဘာသာဝင်တွေကိုပါ ပါဝင်ဆင်နွှဲနိုင်အောင် ဖိတ်ခေါ်ခဲ့သလို၊ အခြားဘာသာဝင်တွေကလည်း ခရစ္စမတ်နေ့ကို ဆင်နွှဲကြတာကြောင့် ဘာသာ တစ်ခု နဲ့ တစ်ခုအကြား ချစ်ကြည်မှု ပိုရလာတယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးသာဉာဏ်က ပြောပါတယ်။

“ပထမဆုံးကတော့ ခရစ်ယာန်ဘာသာအပေါ် တခြားဘာသာတွေလည်း နားလည် သဘောပေါက်လာပြီဆိုတဲ့ သဘောပါ။ နောက် ခရစ်ယာန်ဘာသာနဲ့ တခြားဘာသာတွေ အတူတကွ ယှဉ်တွဲပြီးတော့ ဆင်နွှဲနိုင်တယ်ဆိုတဲ့ ဒုတိယသဘောလည်း ဆောင်ပါတယ်။ တတိယအနေနဲ့ကတော့ ဘာသာတွေအကြားမှာ ကျနော်တို့ စည်း ကြီးကြီးကျယ်ကျယ်တားခြင်း၊ ခြံစည်းရိုးခတ်ခြင်းတွေ ဒါတွေ မရှိတော့ဘူးပေါ့။ ခရစ်ယာန်ဘာသာလုပ်ရင် တခြားဘာသာက မဆိုင်သလိုနေမယ်၊ တခြားဘာသာလုပ်ရင် ခရစ်ယာန်ဘာသာက မဆိုင်သလိုနေမယ်ဆိုတဲ့ ရှေးတုန်းကလို ကျဉ်းမြောင်းသော အတွေးအခေါ်တွေ မရှိတော့ပါဘူး။”

ဘုရားကျောင်းမှာ ဆုတောင်းပွဲလုပ်၊ မိသားစုတွေ၊ မိတ်ဆွေတွေ စုံပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာ၊ နောက် တယောက်နဲ့ တယောက် လက်ဆောင်ပစ္စည်း လဲလှယ်တာတွေကို ဒီဇင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့တွေမှာ ဘယ်လို စည်စည်ကားကား ကျင်းပခဲ့တယ် ဆိုတာကို မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT) က ဆရာမတဦးဖြစ်တဲ့ မမူယာက အခုလို ပြောပါတယ်။

“ကျမတို့ ဒီမှာတော့ ပုံမှန်အတိုင်းပါပဲရှင့်။ များသောအားဖြင့်ကတော့ ကျမတို့ ရန်ကုန်မှာရှိတဲ့ Church တွေကတော့ ၂၄ ရက်နေ့ဆိုရင် ညနေပိုင်းဆိုရင် အသင်းတော်မှာ ပြဇာတ်ပြတာတို့၊ သီချင်းဆိုတာတို့၊ ကလေးလေးတွေ ခရစ္စမတ်မိသားစုတွေ ဆုံပြီးတော့ ထမင်းအတူစားကြတာတို့၊ နောက်ပြီးတော့ ည ၁၁ နာရီဆိုရင် ဘုရားရှိခိုးပါတယ်ရှင့်။ အဲဒါကတော့ midnight service ပါ။ အဲဒါပြီးတော့ ကျမတို့ Church တော်တော်များများကတော့ ၂၅ ရက်နေ့ မနက်မှာပဲ ထပ်ပြီးတော့ ဘုရားရှိခိုးပါတယ်ရှင့်။ ဟုတ်ကဲ့ ပွဲတွေဘာတွေ လုပ်တာကတော့ အဓိက ကျမတို့ကတော့ ဘုရားရှိခိုးတာပေါ့နော်။ ခရစ်တော်ကြွလာတဲ့ဟာကို ပြန်ပြီးတော့မှ ခရစ်တော်ရဲ့ မွေးနေ့ကို ပြန်ပြီးတော့ ကျေးဇူးတော် ချီးမြှောက်ပြီး ဘုရားရှိခိုးကြတာပဲ များပါတယ်။ ဒါပေမဲ့ အဓိကက တချိန်တည်းမှာပဲ ကျမတို့ လက်ဆောင်တွေ ပေးကြတယ်။ ပြီးတော့ သီချင်းဆိုပွဲတွေ၊ ပြီးတော့မှ အိမ်တွေမှာ လိုက်ပြီးတော့မှ Carol singing လိုက်ဆိုတာတွေ wish လုပ်တာတွေ အဲဒါမျိုးတွေလည်း လုပ်ပါတယ်ရှင့်။”

ဧရာဝတီတိုင်း ကျုံသာရွာမှာ ခရစ်ယာန်ဘာသာဝင်တွေ အပါအဝင် ဗုဒ္ဓဘာသာဝင်တွေ နဲ့ပါ တွဲဖက်ပြီး ပျော်ပျော်ပါးပါး သီချင်းတွေဆိုပြီးတော့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့လည်း မမူယာ က အခုလို ဆက်ပြောပါတယ်။

“အိမ်ခြေကလေ ၁၀ အိမ် ၁၁ အိမ်လောက်ပဲရှိတယ်။ ဒါပေမဲ့ အနီးအနားကပေါ့နော် တခြား ခရစ်ယာန် မဟုတ်တဲ့လူတွေ အများကြီးပဲလာတယ်။ ကျမတို့ သူတို့ကို လက်ဆောင်တွေပေးတယ်၊ ထမင်းတွေကျွေးတယ်၊ အဲဒီလိုမျိုးပေါ့ စုပြီးတော့မှ ပွဲလုပ်တဲ့ သဘောဆိုတော့ ကလေးတွေလည်း ပျော်ကြတာပေါ့နော်။ သီချင်းတွေဆို၊ ဘောလုံးတွေဖောက် အဲဒီလိုမျိုးပေါ့။”

ခရစ္စမတ်ပွဲတော်ကတော့ ယေရှုခရစ်တော် ဖွားမြင်တော်မူတဲ့နေ့အဖြစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တိုင်း ခရစ်ယာန်ဘာသာ သက်ဝင်သူတွေ နှစ်စဉ် ကျင်းပတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG