သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့သစ် စီမံကိန်း ဘယ်လို ဖြစ်သင့်သလဲ


ရန်ကုန်မြို့ လူနေတိုက်ခန်းများ
ရန်ကုန်မြို့ လူနေတိုက်ခန်းများ

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကြီး အကြောင်းပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စား ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ မြို့တော်ဝန် ဦးလှမြင့်က သဝဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။ သဝဏ်လွှာထဲမှာ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု လျှို့ဝှက် စီစဉ်ပြီး ဖြစ်တဲ့အကြောင်း၊ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရမယ့် အဲဒီ စီမံကိန်းကို “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”က တာဝန်ယူ အကောင်အထည် ဖော်ဖို့ ရွေးချယ်ထားပြီး ဖြစ်တဲ့အကြောင်း ပါဝင်ပါတယ်။ ဒီ သဝဏ်လွှာတင်ပြမှုကို တိုင်းလွှတ်တော် အမတ်တွေ အံ့သြကြသလို သတင်းကိုကြားသိရတဲ့ ပြည်သူတွေလည်း အံ့သြကြပါတယ်။

နောက်ပိုင်း ဒီကိစ္စ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ကြုံရပါတော့တယ်။ သတင်းမီဒီယာတွေ အဓိက ဝေဖန်ထောက်ပြခဲ့တဲ့ ကိစ္စကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တစ်ခုကို တိတ်တဆိတ် လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ ကိစ္စပါ။ တစ်ပတ်လုံးလုံး မီဒီယာတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှု ပေါ်ထွက်ပြီးနောက် သြဂုတ်လ ၂၈ ရက်ညမှာတော့ ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်က တဆင့် “ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်” ဆိုတာ ထွက်ပေါ်လာပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာ ဘာပါလဲ၊ သူတို့ ဘယ်လို ကြံစည်ခဲ့ကြသလဲ၊ မီဒီယာတွေရဲ့ ဝေဖန်မှု ထွက်ပေါ်လာပြီးနောက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဘယ်လို ခြေလှမ်း ပြန်ပြင်သလဲ၊ ဘာတွေ ဖြစ်သင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုက်ရိုက် လင့်ခ်

လွှတ်တော်ထဲမှာ မြို့တော်ဝန် ဦးလှမြင့် တင်ပြခဲ့တာကို အကျဉ်းချုံးပြန်ပြောရရင် စီမံကိန်း တည်နေရာဟာ ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ လျာထားတယ်လို့ ဆိုပါတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက တာဝန်ယူ အကောင်အထည် ဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအဝင် ၆ လမ်းသွား မြစ်ကူးတံတား (၅) စင်းပါမယ် လို့ ဆိုထားပါတယ်။

မြို့တော်ဝန်ဦးလှမြင့်က ဒီ ကိစ္စ အသေးစိတ် ပြောမသွားပေမယ့် ဒီ စီမံကိန်းရဲ့ စီးပွားရေး ပုံသဏ္ဍာန်ဟာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက မြို့ပြအင်္ဂါရပ်နဲ့ ညီတဲ့ Infrastructure အခြေခံ အဆောက်အဦတွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ၊ ပန်းခြံ၊ ကစားကွင်း အစရှိတာတွေ လုပ်မယ်။ ဒါ့အပြင် အဆိုပြုထားတဲ့ အခြား မိဘမဲ့ ကလေး စာသင်ကျောင်းတစ်ခု၊ ဘိုးဘွားရိပ်သာ တစ်ခု စတာတွေ အကောင်အထည် ဖော်မယ်လို့ ဆိုထားပါတယ်။ ဒါက ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံ စိုက်ထုတ်ရမယ့် အပိုင်းပါ။ ပြီးရင်တော့ ကျန်တဲ့ မြေကွက်တွေမှာ အကောင်အထည် ဖော်မှာတွေကို စီမံကိန်းထဲပါတဲ့ အပိုင်းအလိုက် ပြန်ပြီး လက်ခွဲရောင်းစား ငွေပြန်ရှာ အမြတ်ပြန်ရအောင် လုပ်မယ့် စီမံကိန်းမျိုး ဖြစ်ပါတယ်။ ဟော်တယ်တွေ၊ စတိုးဆိုင် ကုန်စုံဆိုင်ကြီးတွေ၊ ကားဂိတ်တွေ၊ လူနေ တိုက်ခန်းတွေ၊ တန်ဖိုးနည်း အိမ်ယာတွေ၊ ရုံးခန်းတွေ၊ ဆိပ်ကမ်းတွေ အစရှိသဖြင့် ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် မြေကွက်ဖော် မြေပြန်ရောင်းစား ဆိုတဲ့ စီမံကိန်းမျိုးပါ။

ဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု လိုအပ်တယ်ဆိုတာ၊ ဘယ်နေရာမှာ အကောင်အထည် ဖော်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်သူကမှ အငြင်းမပွားကြပါဘူး။ လိုအပ်တဲ့ အခြေအနေ လိုအပ်တဲ့ နေရာမှာ လုပ်တယ် လို့ပဲ သဘောထားကြပါတယ်။ ဒါပေမယ့် ဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခု ဘယ်သူမှ မသိတဲ့ မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို တိတ်တဆိတ် လုပ်ပိုင်ခွင့် ပေးလိုက်တယ် ဆိုတဲ့ ကိစ္စကိုတော့ မေးခွန်းထုတ်ကြပါတယ်။ ဒီလိုနဲ့ မီဒီယာတွေဟာ အဲဒီ ကုမ္ပဏီ ဘယ်လို ကုမ္ပဏီဖြစ်တယ်၊ ဘယ်သူဦးဆောင်တယ်၊ ဘယ်မှာ အခြေစိုက်တယ် အစရှိသဖြင့် စုံစမ်းကြပါတော့တယ်။ စုံစမ်းဖော်ထုတ်ချက်တွေအရ အလွန့်အလွန်ကြီးမားတဲ့ စီမံကိန်းကြီးကို အကောင်အထည် ဖော်မယ့် ကုမ္ပဏီရဲ့ လိပ်စာဟာ ရွှေပြည်သာ မြို့သစ်မှာ ဖြစ်နေပါတယ်။ ကုမ္ပဏီ မှတ်ပုံတင် စာရင်းက လိပ်စာအတိုင်း သွားကြည့်တော့ ဘာရုံးခန်းမှ မရှိပါဘူး။ မှတ်တမ်းဖော်ပြချက်အရ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ကျပ်သန်း ၁၀ဝ၀ ဖြစ်ပြီး ကနဦး ထည့်ဝင်ငွေက ကျပ်သန်း ၇၀ ပဲ ရှိတယ်လို့ သိရပါတယ်။ အလွန်နည်းတဲ့ ငွေပမာဏ ပါ။ ဒါရိုက်တာကတော့ ဦးသက်ဦးဆိုသူဖြစ်ပြီး မီဒီယာတွေ မေးသမျှ ဘာမှ မဖြေပါဘူး။ ရန်ကုန်တိုင်း အစိုးရ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးကတော့ ဒီ စီမံကိန်း ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ပေးလိုက်တာနဲ့ ပါတ်သက်ပြီး နိုင်ငံတော်ဘက်က ဘာ အကျိုးအမြတ်မှ မရဘူးလို့ ဆိုပါတယ်။

သတင်းမီဒီယာတွေနဲ့ ပြည်သူတွေ အဓိက စိတ်ဝင်စားတာက ဒီ စီမံကိန်းကြီးထဲမှာ ဘယ်သူတွေ ရင်းနှီးမြှုပ်နှံခွင့် ရကြမလဲ ဆိုတာပါ။ ရန်ကုန်တိုင်း သင်္ကန်းကျွန်း အမတ် ဦးကျော်ကတော့ ဒီ စီမံကိန်း အကောင်အထည် ဖော်မယ့် ကုမ္ပဏီထဲမှာ ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့သား၊ မြို့တော်ဝန် ဦးလှမြင့်ရဲ့သား၊ အရင် ဒုသမ္မတ သီဟသူရ တင်အောင်မြင်ဦးရဲ့ သားတွေ ပါဝင်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ သတင်းမီဒီယာ တစ်ချို့ကတော့ ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ရင်းနှီးတဲ့ တရုတ်စီးပွားရေးသမားတွေ ပါဝင်နေတယ် ဆိုပြီး စွပ်စွဲကြပါတယ်။ ဒီလို စွပ်စွဲပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ဘက်ကတော့ ဘာမှ ဖြေရှင်းတာ မလုပ်နိုင်ခဲ့ကြပါဘူး။

သြဂုတ်လ ၂၈ ရက်နေ့ ည ရောက်မှသာ “ရန်ကုန်မြို့သစ် စီမံကိန်း သတင်းထုတ်ပြန်ချက် ” ဆိုတာ ထုတ်ပြန်ပြီး “မကြာမီအချိန်ကာလအတွင်း ပွင့်လင်းမြင်သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း Developer တင်ဒါ ခေါ်ယူခြင်းကို ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းနှင့် အားလုံးပူးပေါင်းပါဝင် နိုင်သည့် အခွင့်အလမ်း များကို ဖန်တီးသွားမည် ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီ တစ်ခုကို လက်သိပ်ထိုး လုပ်ပိုင်ခွင့် ပေးတဲ့ ကိစ္စ မဖြေရှင်းတော့ပဲ ပွင့်လင်းမြင်သာမှု ရှိရှိ တင်ဒါခေါ်တော့မယ်လို့ ပြင်ဆင် ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ စီမံကိန်းကြီး အလွန်ကြီးမားပါတယ်။ ဒီအတွက် မြေလျော်ကြေးဆိုင်ရာ ကိစ္စ လွှတ်တော်ထဲမှာ ဆွေးနွေးပြီး ဥပဒေ ပြုပေးဖို့ လိုပါတယ်။ စီမံကိန်းပမာဏ ဟာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာ ခေါ်တဲ့ လုပ်ငန်း ပမာဏထက်တောင် ကြီးမားနေတဲ့အတွက် တင်ဒါရွေးချယ်ရေး အကြံပေး ကုမ္ပဏီကို အရင်ရွေးချယ် ခေါ်ယူဖို့ လိုပါတယ်။ အဲဒီ အကြံပေးကုမ္ပဏီကမှ တကယ် စီမံကိန်းဖော်ဆောင်မယ့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို စည်းကမ်းတကျ ပွင့်လင်းမြင်သာမှု ရှိရှိ ရွေးချယ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG