သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံရပိုင်ခွင့်တွေရဖို့ သံမဏိစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ Yangon Crown သံမဏိစက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ လုပ်ခ လစာတိုးမြှင့်ရေး အပါအဝင် အချက် ၁၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတာပါ။ အလုပ်ရှင်ဘက်ကတော့ အလုပ်သမားတွေအနေနဲ့ အလုပ်မဆင်းတာ ၃ ရက်ပြည့်ရင် အလုပ်ကနေ အလိုအလျောက် နှုတ်ထွက်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ သပိတ်ဖြစ်မြောက်ရေး ကော်မတီကတော့ တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ မနက် ၇ နာရီကစပြီးတော့ မှော်ဘီမြို့နယ် Yangon Crown သံမဏီစက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ လက်ရှိ သူတို့ရရှိနေတဲ့ တနေ့လုပ်အားခ ၁၆၀ ကို တိုးမြှင့်ပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေး အပါအဝင် အခြေခံရပိုင်ခွင့်တွေကို ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတာပါ။ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြ အလုပ်သမားတွေအရေး ကူညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ကိုအေးလွင် က အခုလို ပြောပြပါတယ်။

“နံပါတ် (၁)၊ အခြေခံလစာ နည်းပါးခြင်းကို ညှိနှိုင်းရန်၊ အချိန်ပို လုပ်အားခများကို ထိုက်တန်စွာ ရရှိရန်၊ နံပါတ် (၂)၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေများကို ညှိနှိုင်းရန်၊ နံပါတ် (၃)၊ အလုပ်သမားများအား ငွေကြေးနှင့် ဒဏ်ခတ်ခြင်းများ ပပျောက်စေရန်၊ နံပါတ် (၄)၊ တရားဝင် ရုံးပိတ်ရက်နှင့် အလုပ်ပိတ်ရက်များကို သတ်မှတ်ပေးရန်၊ နံပါတ် (၅)၊ အလုပ်သမားများထံမှ နိုင်ငံသားမှတ်ပုံတင်များ သိမ်းဆည်းထားခြင်းစနစ်ကို ဖျက်သိမ်းပေးရန်၊ လူမှုဖူလုံရေးကဒ်ပြားများကို လုပ်သားများအားလုံးအား ထုတ်ပေးရန်၊ တရုတ်စက်ရုံမှူးများနှင့် မြန်မာစက်ရုံမှူးများ နားလည်မှုယူရေး တိကျသော အလုပ်တာဝန်ပေးအပ်ရန်၊ အလုပ်သမားများအား လစာပေးချေရာတွင် လဆန်း ၅ ရက်နေ့ နောက်ဆုံးထား၍ ပေးချေရန်၊ အလုပ်သမား ဘေးအန္တရာယ် ကင်းရှင်းရေးဌာန၊ အလုပ်သမား ကျန်းမာရေးဌာနနှင့် ဝန်ထမ်းရေးရာ ဌာနများကို သီးခြား ဖွင့်လှစ်ပေးရန်၊ နံပါတ် (၉)၊ ဌာနဆိုင်ရာ တစ်ခုစီတွင် အရေအချင်း ပြည့်မှီသော စကားပြန်တစ်ယောက်ဆီ ထားရှိရန်၊ နံပါတ် (၁၀)၊ ဆုကြေးစားသမားများ ဆုကြေးရသကဲ့သို့ အခြား မည်သည့်အောက်ခြေ အလုပ်သမားများမဆို ထိုက်သင့်သလို ဆုကြေး တိုးပေးရန်၊ နံပါတ် (၁၁)၊ အလုပ်သမားများအား လုပ်ငန်းသုံး ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ပစ္စည်းများကို လိုအပ်သည့်အခြေအနေတွင် အခမဲ ထုတ်ပေးရန်၊ လုပ်ငန်းနှင့် မသတ်ဆိုင်သော လုပ်ငန်းများကို မခိုင်းစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ပတ်သက်၍ စက်ရုံမှ ဝယ်ယူသောအခါ ရောင်းချသော ကုန်သည်များနှင့် ညှိနှိုင်းပြီး တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ရန်၊ နံပါတ် (၁၃)၊ အလုပ်သမားများအပေါ် နိုင်လိုမင်းထက် ရိုင်းပြစွာ ဆက်ဆံသော စက်ရုံမှူးအား ရာထူးတာဝန်မှ လုံး၀ ရပ်ဆိုင်းပေးရန်။ ၁၃ ချက်ပါ။”

ဒါ့အပြင် Yangon Crown သံမဏိစက်ရုံကို ပိုင်ဆိုင်တဲ့ အလုပ်ရှင်ဟာ နိုင်ငံခြားသား တရုတ်လူမျိုးဖြစ်ပြီး - ဒီစက်ရုံမှာ တရုတ်အလုပ်သမား ဝန်ထမ်းတွေလည်း ရှိပေမဲ့ - မြန်မာအလုပ်သမားတွေအနေနဲ့ အဲ့ဒီ တရုတ်အလုပ်သမားတွေနည်းတူ ခံစားခွင့် အခွင့်အရေး တန်းတူမရရှိဘူးလို့လည်း ကိုအေးလွင်က ပြောပြပါတယ်။

“သူတို့အနေနဲ့က သူတို့လူမျိုးဖြစ်နေတဲ့ တရုတ်ကိုပဲ facility အပြည့်ပေးတာလေ။ သူတို့မှာ စက်ရုံမှူးခွဲ ရှိတယ်လေ။ အခြား အခြေခံလစာနဲ့ အလုပ်ကြမ်းလုပ်ရတဲ့သမားကို သူတို့လူ ကျတော့ မခန့်ဘူးလေ။ မြန်မာလူမျိုးနဲ့ပဲ ဒီအလုပ်ကြမ်းအလုပ်ကို လုပ်ရတယ်။ သူတို့ခန့်ထားတဲ့ စက်ရုံမှူးဆိုတာ သူတို့ တရုတ်လူမျိုးနဲ့ပဲ ခန့်ရတယ်။ အဲဒီကြားထဲမှာ စကားပြန်နဲ့ အလုပ်လုပ်ရတယ်။ စကားပြန်နဲ့ အလုပ်လုပ်ရတော့ အဆင်မပြေမှုတွေ ရှိတယ်။ ရှိတဲ့အခါမှာ အလုပ်သမားတွေက ပြန်ပြီးတော့ ဒဏ်ကြေးဆိုတာ အရိုက်ခံရတယ်။ ဒဏ်ကြေးကို ငွေကြေးနဲ့ အရိုက်ခံရတယ်။”

အလုပ်သမားတွေဘက်ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်ဘက်ကတော့ - ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်ခဲ့တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“အလုပ်ရှင်တွေနဲ့ ညှိလိုက်တဲ့အခါကျတော့ အလုပ်ရှင်က ဘာပြောလဲဆိုတော့ အလုပ်သမားထုကို သူက ပြောတဲ့စကားက သုံးရက်အတွင်းမှာ လုပ်ငန်းပြန်ဝင်ပါ။ တကယ်လို့ သုံးရက်အတွင်း မဝင်ဘူးဆိုရင် ဒီအလုပ်သမားတွေ အားလုံးကို သူက ဖြုတ်တယ်ဆိုတဲ့ ရာဇသံကို သူက ပေးလိုက်တယ်။ အဲဒီတော့ တောက်လျှောက်ဆက်ပြီးတော့ တလပဲကြာကြာ ဘယ်လောက်ပဲ ကြာကြာပေါ့နော်၊ ကာလတခုအထိ မရမချင်းတိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ သူတို့ အကုန်ချပြီးသွားပြီ။”

လောလောဆယ်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြေလည်မှုရစေဖို့ စက်ရုံအုပ်ချုပ်ရေးမှူးတွေနဲ့ သပိတ်ကော်မတီဝင်တွေအကြား ပြောဆိုနေတာသာရှိပြီး ဘယ်အဖွဲ့ကမှ ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဆန္ဒပြတောင်းဆိုမှု ဒုတိယမြောက်နေ့ဖြစ်မယ့် တနင်္လာနေ့ကျရင်တော့ ဒီအခြေအနေအားလုံးကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်တွေထံ တိုက်ရိုက်တင်ပြသွားဖို့ သပိတ်ကော်မတီက ဆုံးဖြတ်ထားကြောင်းလည်း ကိုအေးလွင်က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေဘက်က တစုံတရာ ဟန့်တားနှောင့်ယှက်တာမျိုး မရှိခဲ့ဘဲ အဝေးကနေသာ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာမျိုးပဲ ရှိခဲ့တယ်လို့လည်း မျက်မြင်သက်သေတချို့က ပြောပြပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ လှိုင်သာယာမြို့နယ် ရွှေပြည်သာစက်မှုဇုံမှာရှိတဲ့ စက်ရုံ (၆) ရုံ က ထောင်နဲ့ချီတဲ့ အလုပ်သမားတွေလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အလုပ်ရှင် အလုပ်သမား အကြား ပြေလည်မှုရဖို့ အာဏာပိုင်တွေဘက်က ကြားဝင် ဖြေရှင်းခဲ့ပေမဲ့ အခုအချိန်ထိ ပြေလည်မှု မရရှိသေးဘူးလို့လည်း သိရပါတယ်။

XS
SM
MD
LG