သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်မြို့လယ်က ဝါဖြေ စတုဒီသာပွဲ


ရန်ကုန်မြို့လယ်က ဝါဖြေ စတုဒီသာပွဲ
please wait

No media source currently available

0:00 0:02:02 0:00
တိုက်ရိုက် လင့်ခ်

ရန်ကုန်မြို့လယ်က ဝါဖြေ စတုဒီသာပွဲ

လူမှုမဟာမိတ်အဖွဲ့ Social Alliance က ကမကထလုပ်တဲ့ စုပေါင်းဝါဖြေ စတုဒီသာ လှူဒါန်းပွဲ ကို လူမျိုးဘာသာပေါင်းစုံ အတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့ မဟာဗန္ဒုလ ပန်းခြံရှေ့မှာ ဒီနေ့ညနေပိုင်းကပြုလုပ်ခဲ့ပါတယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝါဖြေ (ဥပုသ်) ထွက်ပွဲကို အခြားနေရာတွေမှာလည်း ပြုလုပ်နေတာဖြစ်ပြီး ဒီနေ့မြို့တော်ခန်းမ ရှေ့မှာ ဝါဖြေပွဲစတုဒီသာအလှူ လုပ်ရတာကတော့ ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှု၊ သဟဇာတ အတူယှဉ်တွဲ နေထိုင်ရေး ပုံရိပ်ကိုထင်ဟပ်နိုင်ပြီး လူအများလာရောက်နိုင် တဲ့ နေရာဖြစ်တာကြောင့် ဒီနေရာကို ရွေးချယ်ပြုလုပ်ရတာလို့ လူမှုမဟာမိတ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးသွားမှာပါ။

အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝါဖြေ(ဥပုဒ်)ထွက်ပွဲ စတုဒီသာအလှူတစ်ခုကို လူမှု မဟာမိတ် အဖွဲ့ Social Alliance ကဦးစီးပြီး ရန်ကုန်မြို့၊ မဟာဗန္ဒုလပန်းခြံရှေ့မှာ ဒီနေ့ ညနေပိုင်း က ပြုလုပ်ခဲ့ပါတယ်။ ဝါဖြေဥပုဒ်ထွက်ပွဲကို အရင်နှစ်တွေက တခြားနေရာမှာ လုပ်ခဲ့ပြီး ဒီနှစ်လူစည်ကားတဲ့နေရာမှာ ပထမဆုံးအကြိမ် လုပ်ရတာနဲ့ ပတ်သက်လို့ လူမှုမဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံ ဒေါ်ဒါလီမြင့်ကအခုလိုပြောပါတယ်။

“ဒီမြို့တော်ခန်းမရှေ့ မဟာဗန္ဒုလ ပန်းခြံရှေ့ဆိုတာက တော်တော်များများ လူတွေလည်း ဖြတ်သန်းသွားလာနေတာများတယ် လူတော်တော်များများလည်း သွားသွားလာလာ ရှိခဲ့ တယ်။ ပြီးတော့ဘာသာစုံရဲ့ နေရာ ဒီနေရာလေးကလည်းပွိုင့်ကျတယ်မှတ်ရတယ်။ ဒီပတ်ချာလည်ကြည့်လိုက်ရင် ဆူးလေရှိတယ်၊ ဧမာနွေလရှိတယ်။ ပြီးတော့ ကျမတို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်းရှိတယ်။ အဲဒီတော့ ဒီလိုနေရာလေးမှာ ကျမတို့ လုပ်ချင်တယ်။ ကျွန်မတို့ ဖေ့စ်ဘွတ်ခ်တွေမှာ အွန်လိုင်းတွေမှာ ကြည့်ရတာ ဆိုရင် နိုင်ငံခြားတွေမှာ ဒီလို ဝါဖြေတဲ့ဟာကို ဝေကြတယ်၊ အထုပ်ကလေးတွေနဲ့ ဝါဖြေစာ ကို တစ်ခါတည်း ပါကင်ထုတ်ပြီး ဝေတာ ကျမတို့ကမြင်ဖုးတယ်။ ပြီးကျလို့ရှိရင် ကျန်မတို့ မြန်မာနိုင်ငံမှာက တန်ဆောင်တိုင်ဆိုရင် စတုဒီသာတွေ အမြဲတမ်းရှိတယ်။ ခုံတွေနဲ့ အမြဲတမ်းစတုဒီသာရှိတယ်။ ကျွန်မတို့အရင်က ဝင်ပြီး ပါဝင်ခဲ့တာရှိတယ်။ အဲဒါလည်း အားကျတယ်။ ခုနကပြောတဲ့ နိုင်ငံခြားတွေမှာ ဝါဖြေစာဝေနေတာကိုလည်း သဘောကျတယ်။ အဲဒီ နှစ်ခုကိုပေါင်းပြီး ကျမတို့ ဒီနေ့ ဒီလိုမျိုလေး လုပ်ဖြစ်တာပါ။”

စတုဒီသာအလှူကို လူရှစ်ရာလောက်အတွက် စီစဉ်ထားတာဖြစ်ပြီး ဘာသာစုံ၊ လူမျိုးစုံ ဝင်ရောက်တန်းစီနေတာကို တွေ့ရပါတယ်။ စတုဒီသာအတွက် ဝင်ပြီးတန်းစီခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ဦးနေဝင်းကလည်း သူအနေနဲ့ အခုလို စည်စည်ကားကား တွေ့ရတာ ပထမဆုံး အတွေ့အကြုံဖြစ်ကြောင်းကို အခုလိုပြောပါတယ်။

“ကျနော်ကတော့ ဒါမျိုးလုပ်တာမကြုံဖူးဘူးပေါ့နော်။ မြေနီကုန်းကနေ သတင်းကြားတော့ သွားကြည့်မယ်ဆိုပြီးတော့ ရောက်ရှိလာတာပေါ့ ရောက်ပြီး တန်းစီပြီး ဒါလေးယူကြည့် မယ် ဆိုပြီး ဝင်ပြီးတန်းစီပြီး ယူဖြစ်လိုက်တာ။ အဲဒီဖီလင်လေးကိုခံစားပြီး ပီတိတော့ ဖြစ်မိတာပေါ့။ ပျော်လည်းပျော်မိတယ်ပေါ့။”

ဒီနေ့ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကိုရယူခဲ့တာဖြစ်ပြီး ညနေ ၅ နာရီခွဲကနေ ညပိုင်း ၇ နာရီ ကျော်တဲ့အထိ စတုဒီသာလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီဝါဖြေစတုဒီသာအလှူပွဲကို ရန်ကုန်မြို့တော်တဝိုက်က လူတစ်ထောင်လောက် လာရောက်ပါဝင်ဆင်နွဲကြပါတယ်ခင်ဗျာ။

XS
SM
MD
LG