သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမာရွတ်စက်ရုံ ပေါက်ကွဲ၊ ၄ ဦးသေ


ရန်ကုန် ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမကြီးပေါ်မှာ ရှိတဲ့ ငါး ပုစွန်နဲ့ ရေခဲစက် လုပ်ငန်းမှာ ဒီကနေ့ ညနေ ၆ နာရီလောက်က အမိုးနီးယားဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမားတွေ အပါအဝင် လူ ၄ ဦး သေဆုံးပြီး ၄၀ လောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာရသူတွေနဲ့ အဆိပ်သင့်ပြီး မေ့မျောနေသူတွေလည်း ရှိနေသလို ပတ်ဝန်းကျင်မှာလည်း ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေတယ်လို့ အဲဒီနေရာမှာ ရောက်နေသူ တယောက်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီနားမှာ ကမ္ဘာပျက်သလို၊ တိုင်းပြည်ပျက်သလို ဖြစ်သွားတာ။ အငွေ့က ဒီဘက်တွေထိ ရောက်တယ်။ လေက တောင်ပိုင်းက တိုက်တယ်ဆိုတော့ အနောက်ဘက်တွေကြတော့ လွတ်သွားတယ်။ ဒီလမ်းတလျှောက် အကုန်လုံး၊ တိုက်ပေါ်တွေရော အကုန်လုံး၊ ဟိုဘက်တိုက်ပေါ်က အဘွားကြီးတယောက်ဆိုရင် ကယ်ပါဦး၊ ကယ်ပါဦးနဲ့၊ အဲဒီမှာ ကျနော်က ဘေးက ဆံပင်ညှပ်ဆိုင်ထဲက မျက်နှာသုတ်ပုဝါလေးယူ၊ ရေဆွတ်ပြီး အဲဒီအဘွားကြီးကို မျက်စိတွေ ဘာတွေ အုပ်ပြီးတော့ တွဲခေါ်သွားတယ်။”

ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာမှာ ရောက်နေတဲ့ ရန်ကုန်မြို့ခံတယောက် ပြောသွားတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲက တချို့ကိုတော့ အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တခုကို ယာယီပို့ထားတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အအေးခန်း စက်ရုံတွေမှာ ဘေးကင်းလုံခြုံမှု အစီအမံတွေ အားနည်းတာမို့ မတော်တဆ ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားပြီး သတင်းမီဒီယာတွေကအစ သတင်းယူခွင့်၊ ဓာတ်ပုံမှတ်တမ်း ရိုက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG