သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗလီမီးလောင်မှု စုံစမ်းရေးအစီရင်ခံစာ အစ္စလာမ် အဖွဲ့အစည်းတွေကျေနပ်


ရန်ကုန် ဗလီ မီးလောင်မှုဖြစ်ပွားစဉ်။ (ဧပြီလ ၂၊ ၂၀၁၃)
ရန်ကုန် ဗလီ မီးလောင်မှုဖြစ်ပွားစဉ်။ (ဧပြီလ ၂၊ ၂၀၁၃)
အရင်သီတင်းပတ်တွင်းက ရန်ကုန်မြို့က ဆော်ဒီကီးရား ရေကျော် ဗလီမီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ရဲ့စစ်ဆေးတွေ့ရှိချက်အရ ဒီမီးလောင်မှုဟာ ပေါ့ဆမီးဖြစ်ကြောင်း ထုတ်ပြန်ချက်ကို အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ချုပ်က လက်ခံကြောင်း ပြောဆို လိုက်ပါတယ်။ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ မီးအားမြှင့်စက် အပူရှိန် လွန်ကဲရာက မီးစလောင်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈လမ်း ရေကျော်ဗလီ မီးလောင်မှုဟာ ဒီလ ၂ရက်နေ့ မနက်အစော၂နာရီကျော်မှာ လောင်ကြွမ်းခဲ့တာဖြစ်ပြီး ဗလီမှာ ဘာသာရေးစာ သင်ကြားနေတဲ့ ကလေး ၁၃ယောက် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ ဒီမီးလောင်မှု ဖြစ်ပွားချိန် ဟာ မြန်မာပြည်အလယ်ပိုင်းမှာ ဘာသာရေး အကြမ်းဖက် မှုတွေဖြစ်ပွားနေတာနဲ့ တိုက်ဆိုင်နေတာကြောင့် ပြင်ပက ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာလားဆိုပြီး သံသယတွေလည်း ဖြစ်ပေါ်ခဲ့သလို မီးလောင်တဲ့နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို ချက်ချင်းဖွဲ့စည်းပြီး အဖြစ်မှန် ကို လေ့လာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်က သူတို့ရဲ့ တွေ့ရှိချက်တွေကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်ခဲ့ရာမှာတော့ ဒီထုတ်ပြန်ချက်ကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ဖွဲ့က လက်ခံခဲ့တယ် လို့ မော်လဝီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှုး ဟာဂျီဦးကျော်စိုးက ပြောပါတယ်။

“မနေ့က ညနေ ၄နာရီ ၃၀မှာခေါ်တဲ့ ဘာသာရေး အဖွဲ့အစည်းများ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရှင်းလင်းတင်ပြတယ်။ အစီရင်ခံစာကို စစ်ဆေးချက်၊ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်ဆိုပြီး မူသုံးရပ်အပေါ်မှာ တင်ပြတယ်။ အစအဆုံး ဝန်ကြီးချုပ် ကိုယ်တိုင် ဖတ်ပြတယ်။ အဲ့ဒီ့အပေါ်မှာ ငါးဖွဲ့စလုံးကလည်း ဘာမှ အဲ့ဒီ့အပေါ်မှာ သံသယစိတ်မရှိပဲနဲ့ အဖြေကို မှန်ကန်တဲ့ လုပ်ဆောင်ချက် အဖြစ်နဲ့ ဝန်ကြီးချုပ်ကိုတောင်မှ အားလုံးက ကျေးဇူးတင်တယ်ဆိုတာပြောပြီးမှ ကျနော်တို့ပြန်လာကြပါတယ်။”

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ဖွဲ့ကတော့ အိုလမာသာသန ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ဌာနချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီအဖွဲ့ ဌာနချုပ်၊ မြန်မာမွတ်ဆလင်လူငယ်များ ဘာသာရေးအဖွဲ့ချုပ်၊ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် တို့ဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက မီးလောင်သွားတဲ့ ဗလီနဲ့စာသင်ကျောင်း ကိုလည်း ပြန်လည် တည်ဆောက်ရာမှာ ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်မှာတော့ မီးအားမြှင့်စက်အပူရှိန် လွန်ကဲရာက မီးစလောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နဲ့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကော်မရှင်က အသက်မသေဘဲ လွတ်မြောက်လာတဲ့ ကလေး၃ယောက်ပါအဝင် ဗလီမှာနေထိုင်သူတွေ၊ အစ္စလာမ်ဘာသာရေးအဖွဲ့က တာဝန်ရှိသူတွေ နဲ့ မီးလောင်မှုနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မီးလောင်မှုမှာ ပါဝင်ကူညီသူတွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒီမီးလောင်မှုနဲ့ ကလေးတွေ သေဆုံးရမှုမှာ တာဝန်ရှိတဲ့ ဗလီဆရာ၂ဦးကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။

ကလေးငယ်တွေ သေဆုံးရတာကတော့ မီးလောင်မှုကြောင့် မီးခိုးမွှန်ပြီး အောက်စီဂျင်ပြတ်သေဆုံးရတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
XS
SM
MD
LG