သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်ကြီးဈေး အခန်းတခန်း မီးလောင်


ရန်ကုန် မြို့လည်ခေါင် သိမ်ကြီးဈေး D-ရုံမှာ ဂိုဒေါင်အဖြစ်သုံးနေတဲ့ အခန်းတခန်းက မနေ့ညဦးပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးသတ်ကား ၂၄ စီးနဲ့ ငြိမ်းသတ်ခဲ့လို့ လောင်ကျွမ်းချိန် မိနစ်(အစိတ်)အပြီးမှာ မီးစွယ်ကျိုးသွားခဲ့ပါတယ်။ ခုတော့ မီးလောင်သွားတဲ့ အခန်းပိုင်ရှင်ကို လသာရဲစခန်းက ပုဒ်မ (၂၈၅) နဲ့ အရေးယူထားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြထားပါတယ်။

မီးလောင်သွားတာကတော့ ရန်ကုန်တိုင်း၊ လသာမြို့နယ် သိမ်ကြီးဈေးDရုံရဲ့ (၄)လွှာမှာဖြစ်ပြီး ပစ္စည်းသိမ်းဆည်းတဲ့ ဂိုဒေါင်အဖြစ် အသုံးပြုတဲ့ နေရာ ဖြစ်ပါတယ်။ စက္ကူပုံးနဲ့ ပုံးပိတ်ရာမှာသုံးတဲ့ တိပ်ခွေတွေအပါအဝင် အခြားပစ္စည်းတချို့ကို မီးစွဲလောင်ခဲ့တာပါ။ တနင်္ဂနွေနေ့ည ၈ နာရီ ၂၀ လောက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၂၄ မိနစ်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးရှုံးမှု ကျပ်ငွေ (၅) သိန်းဝန်းကျင် လောက်သာ ရှိတယ်လို့ ဗဟို မီးသတ်ဌာနက VOA ကို ပြောပါတယ်။ မီး ဘယ်ပုံဘယ်နည်း စလောင်တယ်ဆိုတာကိုတော့ မီးသတ်ဌာနက အသေးစိတ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ရန်ကုန် ဗဟိုမီးသတ်ဌာနကို VOA က ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျအရာရှိတဦးက အခုလို စတင်ဖြေကြားပါတယ်။

“လသာမြို့နယ် (၈) ရပ်ကွက်၊ ၂၄ လမ်း၊ သိမ်ကြီးဈေး (D) ရုံပါ။ အသုံးမပြုတဲ့ အိမ်အခန်း အကျယ်အဝန်း ၁၂ ပေ၊ ၁၅ ပေ အတွက် ဂိုဒေါင် လုပ်ထားတာပါ။ ဦးဟာရှင်ဂိုဒေါင်ပြုလုပ်သုံးစွဲတဲ့နေရာမှာ မီးလောင်လောင်မှု ဖြစ်ပွားတာပါခင်ဗျ။ အကြောင်းရင်းကတော့ စုံစမ်းဆဲပါ။ ဆုံးရှုံးတာက parking ထုတ်သောစက္ကူများ၊ ကြည့်မှန်အဝိုင်းအသေးများ၊ ပလပ်စတစ်တိပ်ခွေ အပါးများ၊ ဆုံးရှုံးပစ္စည်းတန်ဖိုး ၅ သိန်းခင်ဗျ။”

မေး။ ။ ဆိုတော့ မီးသတ်ဌာနက ဘယ်လိုများ ဆောင်ရွက်ပေးခဲ့ပါသလဲ။
“ဟုတ်ကဲ့။ မီးကငြိမ်းသွားတာ ကြာပါပြီခင်ဗျ။ မီးသတ်ဦးစီးဌာနက မီးငြိမ်းသတ်ယာဉ် ၂၄ စီး၊ အုပ်ချုပ်မှုယာဉ်ကား ၅ စီး၊ အထောက်အကူပြုယာဉ်ကား ၈ စီးပါ။ တပ်ဖွဲ့ဝင်က ၂၁၈၊ အရံက ၇၄၊ ကြက်ခြေနီက ၇၀ ပါ။”

မေး။ ။ ဆိုတော့ မီးက သိပ်အကြာကြီးမလောင်လိုက်ဘူးပေါ့။ ဘယ်လောက်လောက် ကြာလိုက်လဲ။

“စလောင်ချိန်က ၂၀း၂၅ ပါ။ မီးငြိမ်းတာက ၂၀း၄၉ မှာ ငြိမ်းပါတယ်။ ၂၄ မိနစ်လောက်ပဲကြာပါတယ်။”

မေး။ ။ အခုတော့ အခြေအနေတွေရော။

“ဟုတ်ကဲ့။ ပိုင်ရှင် ဦးဟာရှင်က ပါ- ၂၅၅။ ၂၀၁၃၊ ပုဒ်မ (၂၈၅) နဲ့ လသာ
ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။ ပေါ့ဆမီးပါခင်ဗျ။”

အခုလောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဘေးအခန်းတွေကို မီးကူးစက်သွားတာမျိုး မရှိသလို ပစ္စည်းဆုံးရှုံးမှုသာရှိပြီး လူတွေ ထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဗဟိုမီးသတ်ဌာနက ပြောပါတယ်။

အခုတလော ရန်ကုန်မြို့လယ် လူစည်ကားတဲ့ နေရာတွေမှာ မီးလောင် ကျွမ်းမှုတွေ ဖြစ်နေပါတယ်။ အောက်တိုဘာ(၁၈) သောကြာနေ့ညပိုင်းကလည်း ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှာ ၂ နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့ပြီး အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ဆိုင်တွင်း လျှပ်စစ်ဝိုင်ယာကတဆင့် လောင်ကျွမ်းတာဖြစ်နိုင်ကြောင်း မီးသတ်ဌာနက သုံးသပ်ထားပါတယ်။

၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက နှစ်စဉ် မီးလောင်ကျွမ်းမှုတွေမှာ ၂၀၀၉ ခုနှစ်တနှစ်ထဲမှာတင် လောင်ကျွမ်းမှုက အများဆုံးဖြစ်ပြီး ဆုံးရှုံးမှု ကျပ်ကုဋေ (၉၄၀) ကျော်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG