သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဒေသကြီးရုံး အသေးစားပေါက်ကွဲမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီးရုံး အသေးစားပေါက်ကွဲမှုဖြစ်ပွား။
ရန်ကုန်တိုင်းဒေသကြီးရုံး အသေးစားပေါက်ကွဲမှုဖြစ်ပွား။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းမှာ ဒီကနေ့ ညနေပိုင်းက အသေးစားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဗုံးရှာဖွေရေးအဖွဲ့တွေအပါအဝင် ၊ လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်းမှာ ရှာဖွေရေးတွေလုပ်နေဆဲဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့မသိရသေးပါဘူး။ ပေါက်ပွဲမှုဖြစ်ပွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှာ သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ နောက်ဆုံးသိရတဲ့အခြေအနေကို သူကအခုလိုစပြောပါတယ်။

" အခုတိုင်းရုံးထဲက အုပ်ချုပ်ရေးရုံးထဲမှာ အသေးစားပေါက်ကွဲမှု တခုဖြစ်တယ် ဆိုပြီးတော့ လူတွေ ရုတ်ရုတ်ဖြစ်နေတယ်။ ဝန်ထမ်းတွေ အပြင်ကို အကုန်ထွက်တာတွေ့ရတယ်။ လွန်ခဲ့တဲ့ ၁၅မိနစ်လောက်က ဗုံးရှာဖွေရေးအဖွဲ့တွေ ဝင်သွားတယ်။ အခုခွေးတွေနဲ့တော့ ဗုံးရှာဖွေရေး အဖွဲ့တွေလည်း လိုက်ရှာနေတယ်ပေါ့။ လုံခြုံရေးတွေလည်း ချထားတယ် ဂိတ်ပေါက်ဝမှာ။

လုံခြုံရေးဝန်ထမ်းများ လုံခြုံရေးယူနေစဉ်။
လုံခြုံရေးဝန်ထမ်းများ လုံခြုံရေးယူနေစဉ်။

ကိုရန်နိုင်။ ။ အဲ့တာ ဘယ်အချိန်လောက်ကဖြစ်တာလဲ။

ကိုထက်အောင်ခန့်။ ။ ခြောက်နာရီကျော်လောက်ကလို့ပြောတယ်ခင်ဗျ။ ၇နာရီလောက်ကျတော့ ဗုံးရှာဖွေရေးအဖွဲ့တွေ အကုန်ရောက်လာတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ အခုသိရသလောက် အခု အဲ့ဒီ့မှာ အထိအခိုက်အပျက်အစီး အခြေအနေ ဘယ်လိုရှိလဲ ဘာများကြားမိလဲ။

ကိုထက်အောင်ခန့်။ ။ အထိအခိုက်အပျက်အစီးတော့ မကြားမိသေးဘူးခင်ဗျ။ အပြင်မှာလည်း လူတွေကို ထိခိုက်ပြီး ဆေးရုံကားတွေ ဘာညာနဲ့ ခေါ်သွားတာတော့ မတွေ့မိသေးဘူး။ လူ ထိခိုက်မယ့်ပုံတော့ မပေါ်ဘူးခင်ဗျ။

ကိုရန်နိုင်။ ။ ပေါက်ကွဲမှုဖြစ်တာ ခြောက်နာရီလောက်ကဖြစ်တာ။ ဘယ်လောက်လောက်ပြင်းလဲ။

ကိုထက်အောင်ခန့်။ ။ ခြောက်နာရီကျော်လောက်ကဖြစ်တာ။ အသံတော့ မကြားရဘူးခင်ဗျ။ သူတို့အထဲမှာပြောနေကြတာကတော့ အသေးစားပေါက်ကွဲမှုဖြစ် တယ်။ ပေါက်ကွဲမှုဖြစ်လို့ လုံခြုံရေးတွေ ချလိုက်တယ်။ ချပြီးတော့ ဗုံးရှာဖွေရေး အဖွဲ့တွေ ဝင်လာတယ်။ ဝင်လာပြီးတော့ အခုခွေးတွေနဲ့ လိုက်ရှာနေတယ်။ ပြီးတော့ ဂိတ်တံခါးကို ပိတ်လိုက်တယ်ခင်ဗျ။

ကိုရန်နိုင်။ ။ တာဝန်ရှိသူတွေဘက်ကရော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစုံတရာ ပြောတာမျိုးရော တွေ့ရလား။

ကိုထက်အောင်ခန့်။ ။ မတွေ့ရဘူးခင်ဗျ။ ဘယ်သူမှလည်း ထွက်ပြီးတော့ မပြောဘူး။ အပြင်မှာပဲ စောင့်နေကြတာခင်ဗျ။ တယောက်မှလည်း ထွက်မလာဘူး။ အထဲထဲကို ဝင်သွားတယ်။ ရှာဖွေရေးအဖွဲ့တွေဝင်သွားတယ်။ အခု ခွေးတွေနဲ့ ကျနော့်ရှေ့မှာတင် လိုက်ရှာနေတယ်။ အဲ့လိုမျိုးခင်ဗျ။ ဗုံးရှာဖွေရေးအဖွဲ့တွေက လွှတ်တော်ဝင်းတခုလုံးကို လိုက်ပြီးတော့ ပတ်ရှာနေတယ်။

ကိုရန်နိုင်။ ။ အဲ့တော့ ခြောက်နာရီကျော်လောက်ဆိုတော့ အဲ့ဒီ့အချိန်က ပုံမှန်ဆိုရင် ရုံးဆင်းချိန်ဖြစ်နေပြီပေါ့ အဲ့ဒီ့အထဲထဲမှာ ဝန်ထမ်းတွေ ဘာတွေရော အဲ့ဒီ့အချိန်မှာ ရှိနေသေးလား။

ကိုထက်အောင်ခန့်။ ။ အဲ့ထဲထဲမှာ ရုံးဝန်ထမ်းတချို့တော့ကျန်ဦးမယ်ခင်ဗျ။ ကျနော် စောစောကတွေ့တာ ပေါက်ကွဲမှုဖြစ်ပြီးတော့ ဝန်ထမ်း အယောက်(၂၀)လောက် ဂိတ်ပေါက်ဝကို ထွက်လာတယ်။ ထွက်လာပြီးတော့ တာဝန်ရှိသူတွေက စစ်ဆေးတာတွေ ဘာတွေ လုပ်တယ်။ စစ်ဆေးတာတွေ လုပ်ပြီးတော့ ခုနက ဝန်ထမ်း (၂၀)လောက်ကို ကားနဲ့ပြန်ခေါ်ပြီးတော့ အိမ်ပြန်ပို့ပေးလိုက်တယ်နဲ့တူတယ်။ ကားနဲ့ခေါ်သွားတယ်ခင်ဗျ။ ပြီးလည်းပြီးရော ကျနော်တို့ ရဲတွေနဲ့ လုံခြုံရေး ချပြီးတော့ ဗုံးရှာဖွေရေးအဖွဲ့တွေ ရောက်လာတယ်။ ပြီးတော့ ခွေးတွေနဲ့ရှာတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထဲမှာဖြစ်နေတာဆိုတော့ ဝန်ကြီးချုပ်ရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။ သူနဲ့ပတ်သက်ပြီးတော့ ဘာများကြားသေးလဲ။

ကိုထက်အောင်ခန့်။ ။ သူနဲ့ပတ်သက်ပြီးတော့ ဘာမှ မကြားဘူးခင်ဗျ။ သူလည်း ဒီမှာ ရှိမယ့်ပုံမပေါ်ဘူး ဘာမှာတော့ မကြားဘူးခင်ဗျ။ အသေးစားပေါက်ကွဲမှု တလုံးလောက်ပေါက်တယ်လို့ပဲပြောနေကြတာပဲခင်ဗျ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။ ဒဂုံမြို့နယ်ရဲစခန်းကတော့ ဒီပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး အတည်ပြုပြောကြားခဲ့ပြီး ၊ အခြေအနေအသေးစိတ်ကို သိရဖို့အတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးတွေ သွားရောက်စုံစမ်းနေဆဲပဲဖြစ်တာကြောင့်၊ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကလည်း ရန်ကုန်မြို့ထဲက Ocean Shopping Centre နဲ့ ဒေါပုံမြို့နယ်အတွင်းက Capital Hyper Market တွေမှာလည်း အသေးစားပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG